ရှမ်းမြောက်ဖြစ်စဉ်သည် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
4940

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ နိုဝင်ဘာ (၈) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့်ဧရိယာမှာ နယ်စပ်ဒေသ ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း တစ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်လွတ်စပယ် လုပ်ဆောင်ခဲ့ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

လက်ရှိဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆံများတရုတ် နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ်ဖက်တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

မူဆယ်နှင့် ချင်းရွှေဟော်ဒေသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် လမ်းကြောင်းဖြစ်သည်ကို MNDAA အနေဖြင့် သိရှိပြီးဖြစ်သည့်အပြင် လာမည့် (၁၁) ရက်တွင် ကွမ်းလုံတံတား ဖွင့်လှစ်မည့် အချိန်နှင့် ချိန်ကိုက်၍ တိုက်ခိုက်လာခြင်းသည် သတိပြုသင့်သည့်အချက်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ချင်းရွှေဟော်ဒေသမှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here