ပို့ကုန်/သွင်းကုန် လိုင်စင်ခွင့်ပြုချက်ရရှိပြီးသား တရုတ်သို့ပို့မည့် ကုန်ပစ္စည်းများကို မည်သည့်လမ်းကြောင်းမှမဆို ပြောင်းလဲတင်ပို့ခွင့်ပြု

0
293

ရှမ်းမြောက်တိုက်ပွဲကြောင့် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ကုန်စည်ပို့ဆောင်မည့် ကုန်သွယ်မှုများကို နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန် မြန်မာ – တရုတ်နယ်စပ်နှင့် မြန်မာ – ထိုင်းနယ်စပ်ရှိ မည်သည့်ကုန်သွယ်ရေးစခန်းမှ မဆို ပြောင်းလဲတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ပင်လယ်ရေကြောင်းမှ တဆင့်တင်ပို့လိုပါကလည်း ပြောင်းလဲတင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လတ်တလော လုံခြုံရေးအခြေ‌အနေများအရ မြန်မာ – တရုတ်ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိကြောင်းလည်း ကုန်သွယ်ရေးဦးစီးဌာနအသိပေးထားသည်။

ယင်းကဲ့သို့ အခက်အခဲ ရှိနေသည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ၊ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှတဆင့် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိ‌ပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ် စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေး စခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန်လိုင်စင် ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်သွင်းခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စီစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ အောက်တိုဘာ (၂၇) ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၂၆၉ ဒသမ ၃၉၈ သန်း ကုန်သွယ်မှုပြုလုပ်ထားပြီး ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှ ဒေါ် လာ ၇၀၃ ဒသမ ၁၂၃ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here