ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်းတွင် တိုက်ပွဲရှောင် (၁၅၀၀၀)ကျော်အထိ ရောက်ရှိလာ

0
188

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသ ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်းတွင် တိုက်ပွဲရှောင် ပြည်သူ (၁၅၀၀၀)ကျော်အထိ ရှိလာပြီဖြစ်ရာ ၎င်းတို့အတွက် ရွက်ဖျင်တဲများ၊ လူ့အသုံးဆောင်များ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသ နေရာအနှံ့မှ ဒေသခံများမှာ ၎င်းတို့ နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စွန့်ခွာ၍ လုံခြုံသည်ဟု ယူဆသည့် နေရာများသို့ တိမ်းရှောင်လာခဲ့ရာ “ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့”မှ သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) ၌ တိုက်ပွဲရှောင်စခန်း ထူထောင်ခဲ့ကြောင်း သိရသည်။

ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရခြင်းဖြစ်ပြီး ကိုးကန့်နယ်စပ်မျဉ်း (၁၂၅)သို့ နိုဝင်ဘာ (၈)ရက်အထိ တိုက်ပွဲရှောင် (၁၅၅၈၇) ဦး အထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ဒေသခံများ အဆက်မပြတ်တိုးများလာခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရကာ နေ့စဉ်ရေပေးဝေနေသော်လည်း လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် တိုက်ပွဲရှောင်စခန်းတွင် နေ့စဉ်သုံး လူ့အသုံးဆောင်များ၊ ဆေးဝါးပစ္စည်းထောက်ပံ့မှုများကို ဒေသတွင်းရှိ ကုမ္ပဏီများနှင့် စေတနာရှင်ပြည်သူများက အကူအညီများ ပေးလျက်ရှိပြီး အရေးပေါ် လိုအပ်သူများအတွက် ယာယီတဲများ ဆောက်လုပ်ကူညီလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်း နေရာကို အောက်တိုဘာ (၃၀)ရက်မှ စတင်ကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေမြောင်းဖော်ခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး လျှပ်စစ်မီး အသုံးပြုနိုင်ပြီဖြစ်သော်လည်း အများစုမှာ မြေကွက်လပ်တွင် အမိုးအကာအဖြစ် ရွက်ဖျင်တဲများကို အသုံးပြုနေရကြောင်း သိရသည်။

ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်းအတွင်း ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်နှင့် နေ့စဉ်သုံး ပစ္စည်းများ ရောင်းချသည့်ဆိုင်များအနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း မပြုရန် တားမြစ်ထားကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် အိမ်နီးချင်းနိုင်ငံများ၏ ထောက်ပံ့မှုနှင့် လူမှုအဖွဲ့အစည်းများ၏ လှူဒါန်းမှု ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများမှ စည်းရုံးကူညီပေးလျက်ရှိရာ လက်ရှိ ပရဟိတအဖွဲ့အသီးသီးနှင့် လူပုဂ္ဂိုလ်များမှ ကူညီပေးနေရာ တိုက်ပွဲရှောင်စခန်း၌ စေတနာ့ဝန်ထမ်းပေါင်း (၁၇၀) ကျော် ရှိကြောင်း သိရသည်။

၎င်းအပြင် (၁၂၅) တိုက်ပွဲရှောင်စခန်း၌ ရုံးခန်း၊ ဆေးခန်းများထားရှိပြီး နေ့စဉ် ဝင်ရောက်လာသူများအတွက် အချက်အလက်များ မှတ်တမ်းတင်ကာ ဆေးခန်းမှာလည်း ရောက်ရှိလာသူများကို ကျန်းမာရေး ထောက်ပံ့ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here