မူဆယ်မြို့တွင် ဆန်လုပ်ငန်းရှင်များအသင်းက ဒေသခံများအတွက် ဆန်အိတ်ရေသောင်းနှင့်ချီ ရောင်းချပေးလျက်ရှိ

0
203

ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ဆန်လုပ်ငန်းရှင်များအသင်းက ဒေသခံများအတွက် ဆန်အိတ်ရေသောင်းနှင့်ချီ ရောင်းချပေးလျက်ရှိကြောင်း မူဆယ်မြို့ခံ ပရဟိတလုပ်ကိုင်နေသူများထံမှ သိရသည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်‌တောက်ကာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခြင်းကြောင့် မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် ဟင်းချက်စရာများ ဈေးနှုန်းကြီးမြင့်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မူဆယ်မြို့အတွင်း ကျပ်တစ်သိန်းကျော် ပေါက် ဈေးရှိသည့် ဆန်များကို ဆန်လုပ်ငန်းရှင်များအသင်းက ကျပ် ကိုးသောင်းဝန်းကျင်ဖြင့် ဒေသခံများ အဆင်ပြေစေရန် ရောင်းချပေးလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

“တရုတ်ကို ပို့မယ့်ဆန်တွေ အပြင်မှာ ပေါက်ဈေးက တစ်သိန်းကျော်ရှိနေတဲ့ ဟာကို သူတို့က ကိုးသောင်းနဲ့ ရောင်းပေးတယ်။ ကုန်ဈေးနှုန်းကတော့ တက်တာပေါ့ဗျာ။ ဆန်ကတော့ မဆိုးဘူး။ ကုန်သည်ကြီးများအသင်းနဲ့ ပေါင်းပြီးတော့ ဆန်လုပ်ငန်းရှင်များအသင်းက သူတို့ဆန်တွေကို ထုတ်ရောင်းပေးတယ်။ အိတ်ရေသောင်းချီရှိတယ်။ အဲ့ဒါကို ထုတ်ရောင်းပေးတယ်။ (၁၀) ရက်လောက်ရှိပြီ”ဟု မူဆယ်မြို့ဒေသခံ ပရဟိတလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် ယခင်က မြို့နှင့် ၄/၅ မိုင်ခန့်သာ ဝေးသည့် ဒေသများမှ အစားအသောက်များ၊ ဟင်းသီး၊ ဟင်းရွက်များ လာရောက်ရောင်းချပေးခြင်းရှိသော်လည်း လက်ရှိ ပဋိပက္ခများကြောင့် လာရောက်နိုင်ခြင်း မရှိတော့သောကြောင့် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ဒေသခံတွေက အသီးအရွက်လာရောင်းတာတွေရှိတာပေါ့။ မူဆယ်နဲ့ ၄/၅ မိုင်ပဲ ကွာတဲ့ဒေသတွေက ကြောက်ကြောက် ရွှံ့ရွှံ့နဲ့ပဲ။ ကျည်ဆံအန္တရာယ်၊ ဗုံးဆံအန္တရာယ်ကြောင့်မို့ အခုမလာကြတော့ဘူး။ မူဆယ်မှာရှိတဲ့ ဆိုင်တွေကတော့ ဈေးတက်တာပေါ့။”ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းမြောက်တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခြင်းကြောင့် မူဆယ်မြို့အပြင် အခြားမြို့များတွင်လည်း ဆန်၊ ဆီ၊ စားသောက်ကုန်များ ဈေးနှုန်း မြင့်တက်နေပြီး စက်သုံးဆီများလည်း အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

Photo – ပုံစာ – မူဆယ်မြို့တွင် ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)မှ စားသောက်ကုန်များ ဈေးနှုန်သက်သာစွာရောင်းချေပေးနေပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here