မြဝတီမြို့တွင် အသက်မပြည့်သည့် ညီမနှစ်ဦးကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူ အမျိုးသားကို ထောင်ဒဏ်အနှစ် (၄ဝ) ချမှတ်

0
442

အသက် (၈) နှစ်နှင့် (၁၀) နှစ် အရွယ်ညီအစ်မ နှစ်ဦးကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ဆိုင်ကယ်အငှား မောင်းနှင်သူ အမျိုးသားကို နိုဝင်ဘာ (၁ဝ) ရက်နံနက်ပိုင်းက ထောင်ဒဏ်အနှစ် (၄ဝ) ချမှတ်လိုက်ကြောင်း မြဝတီခရိုင်တရားရုံးက သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ —- ရပ်ကွက်တွင် နေထိုင်သည့် အသက်မပြည့်သေးသူ ညီအစ်မ နှစ်ဦးမှာ ဇန်နဝါရီလအတွင်းက သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ သက်ငယ်မုဒိန်း ကျူးလွန်သည့် ဆိုင်ကယ်အငှားမောင်းနှင်သူမှာ ညီအစ်မ နှစ်ဦးကို ကျောင်းကြိုပို့ လုပ်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက် (၈)နှစ်အရွယ် သမီးငယ်အား ဆိုင်ကယ်အငှားမောင်းသူ အောင်ဝင်းနိုင်နှင့်အတူ ဇန်နဝါရီ (၁၂) ရက်က အမှတ် (၄) ရပ်ကွက် ရန်ကင်းအောင်လမ်းအနီးရှိ လူမနေသည့် အိမ်တစ်အိမ်တွင် တွေ့သဖြင့် အောင်မြေရွှေဘုံ(အ.ထ.က.ခွဲ)ကျောင်းသို့ ခေါ်ဆောင်ထားရာ မိခင်မှ ကျောင်းသို့ လိုက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်း၌ အတန်းပိုင်ဆရာမနှင့် ရပ်ကွက်တာဝန်ရှိသူများက ကလေးငယ်ကို မေးမြန်းရာ ဆိုင်ကယ်အငှားမောင်းသူ အောင်ဝင်းနိုင်မှာ ညီအစ်မနှစ်ယောက်အား ကျောင်းမှ ကြိုခဲ့ပြီး ရန်ကင်းအောင်လမ်းရှိ လူမနေသော နေအိမ်တစ်တွင် အစ်မဖြစ်သူကိုထားခဲ့ကာ ညီမဖြစ်သူကို လူမနေသည့် အခြားအိမ်တစ်လုံး၌ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် သမီးငယ်အား ဆရာမနှင့် ရပ်ကွက်တာဝန်ရှိသူများက မေးမြန်းစဉ် အစ်မဖြစ်သူကို ရာအိမ်မှူးက ခေါ်ဆောင်လာခဲ့ပြီး အစ်မဖြစ်သူကို ဆက်လက်မေးမြန်းရာ အောင်ဝင်းနိုင်မှာ ဇန်နဝါရီ (၁၁) ရက်ကလည်း ညီအစ်မနှစ်ဦးအား ရန်ကင်းအောင်လမ်းရှိ လူမနေသည့် အိမ်တွင် သားမယားအဖြစ် တစ်လှည့်စီ ပြုကျင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ဇန်နဝါရီ (၁၂) ရက်က ရဲစခန်းသို့ တိုင်ကြားရာ မြဝတီမြို့မ ရဲစခန်းက (ပ) ၁၃/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးပြီး၊ ၁၀ လ အကြာ မြဝတီခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here