ငပလီကမ်းခြေသို့ သီတင်းကျွတ်အားလပ်ရက် ပြည်တွင်း/ ပြည်ပ ခရီးသွားများ ယမန်နှစ်ကထက် သုံး​ထောင်ခန့် ပိုဝင်ရောက်ခဲ့

0
142

၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလ (၃)ရက်အတွင်း ငပလီ ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား (၄၉၂၇) ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် (၂၉၂၇) ဦး ဝင်ရောက်ခဲ့ပြီး (၆၄) ဒသမ (၉၄) ရာခိုင်နှုန်း ခရီးသွားများ တိုးမြှင့်ဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင်ရှိ ငပလီအပန်းဖြေကမ်းခြေသို့ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ရုရှားနိုင်ငံမှ ခရီးသွား (၄၀) ကျော်နှင့် ပြည်ပခရီးသွားအချို့ ဝင်ရောက်ခဲ့ပြီး ကမ်းခြေမှာ ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့် စည်ကားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားများကိုလည်း ဗီဇာကင်းလွတ်ခွင့် ပေးထားသည့်အတွက် ၂၀၂၃ ခုနှစ် ခရီးသွားရာသီ ပွဲတော်ကာလများအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့် စည်ကားများပြားနိုင်သည်ဟု ဟိုတယ်လုပ်ငန်းနှင့် ပိုဆောင်ရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများအနက် ငပလီကမ်းခြေမှာ သာယာလှပခြင်း၊ ရေကြည်လင်သန့်ရှင်းခြင်း၊ သဲပြင်အဖြူရောင်ရှိခြင်း၊ ကမ်းခြေပြေပြစ်ခြင်း၊ ရာသီဥတုအေးနေချိန်တွင် ရေပြင်မှာ နွေးနေခြင်းနှင့် ပင်လယ်စာ ကောင်းမွန်ခြင်းတို့ကြောင့် နိုင်ငံခြားခရီးသွားများ နှစ်ခြိုက်ကြကြောင်း သိရသည်။

ငပလီကမ်းခြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ဟိုတယ်နှင့် တည်းခိုခန်း (၅၁) လုံး၊ ကျောက်ဖြူမြို့၌ (၁၁) လုံး၊ စစ်တွေမြို့၌ (၁၇) လုံး၊ မြောက်ဦးမြို့ ၌ (၃)လုံးနှင့် မာန်အောင်ကျွန်း၌ (၁)လုံး ဖွင့်လှစ်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားများ အနားယူလည်ပတ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

ကိုဗစ် ၁၉ ကာလ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ကိုဗစ်အလွန်ကာလတွင် နိုင်ငံတော်မှ ခရီးသွားကဏ္ဍကို ပြန်လည်ဖော်ဆောင်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ငပလီကမ်းခြေ၌ ပထမဆုံးသော ဆောင်းဦး အထိမ်းအမှတ်ပွဲတော်ဖြင့် ခရီးသွားလုပ်ငန်းကို စတင်ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၅) မြို့နယ်တွင် ထူးခြားသော ဆောင်းဦးပွဲတော် အစီအစဉ်များဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here