ပြည်တွင်းဆန်ဈေးနှုန်း မထိခိုက်စေရန် ပစ္စည်းရှိပြီး စစ်ဆေးမှုခံယူပြီးမှသာ ပြည်ပသို့တင်ပို့ခြင်းဖြစ်ဟု MRF ပြော

0
212

ပြည်ပသို့ဆန်တင်ပို့မှုကြောင့် ပြည်တွင်းဆန်ဈေးနှုန်းမထိခိုက်စေရန် ပစ္စည်းရှိပြီး စစ်ဆေးမှုခံယူပြီးမှသာ ပြည်ပသို့တင်ပို့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် ပြည်ပသို့ဆန်တင်ပို့ရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် သိုလှောင်ရုံစစ်ဆေးပြီးမှသာ ပို့ကုန်လိုင်စင်ထုတ်ပေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုအရ နှစ်စဉ်ဆန်တန်ချိန် (၃) သန်း ပိုလျှံပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် (၁၁) သန်းနှင့် (၁၂) သန်းကြားရှိကြောင်း သိရသည်။

ပြည်တွင်း၌ နှစ်စဉ်ဆန်ထုတ်လုပ်မှုအနေဖြင့် (၁၄) သန်းရှိပြီး ပြည်တွင်းစားသုံးမှုကိုဖယ်၍ ပိုလျှံသည့်ဆန်ကိုသာ ပြည်ပသို့တင်ပို့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ယခုနိုဝင်ဘာလမှ စတင်ပြီး ပြည်ပသို့ ဆန်တင်ပို့ပါက ဆန် (၃) တန်လျှင် အရန်ဆန် တစ်အိတ်နှုန်းပေးသွင်းရန် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှအသိ ပေးထားသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်း ရှစ်သောင်းကျော်တင်ပို့ခဲ့ပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၇၁) သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here