ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ လူဦးရေ ၂ ဒသမ ၅ သန်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ခဲ့ဟုဆို

0
282

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လကုန်အထိ မြန်မာပြည်အတွင်းရှိ လူဦးရေ ၂ ဒသမ ၅ သန်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ခဲ့ကြောင်း UNOCHA Myanmar ၏ လစဥ်ထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင်ဖော်ပြထားသည်။

စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပြီး ယိုယွင်းနေပြီးသား လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေပြီး ဝင်ရောက်ကူညီခွင့်ဆိုင်ရာနှ င့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ်များကြောင့် ကယ်ဆယ်ရေးအကူအညီပေးရန် စီစဉ်ကြိုးစားထားသည်များကို ကြာမြင့်စွာနှောင့်နှေးစေခြင်း၊သို့မဟုတ် ရွှေ့ဆိုင်းရခြင်းများ ဖြစ်ပေါ်စေလျက်ရှိပြီး ဘေးဒဏ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများကို ပိုမိုထိခိုက်ခံစားရစေကြောင်း သိရသည်။

လက်ရှိတွင် လူဦးရေ ၂ သန်းကျော်သည် နိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အများစုသည် အကြိမ်ကြိမ် ရွှေ့ပြောင်းတိမ်းရှောင်နေရသောကြောင့် ၎င်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုကျဆင်းလာနေကြောင်းလည်း အဆိုပါ သတင်းလွှာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် အောက်တိုဘာလ (၂၇) ရက်မှ စပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား ဖြစ်ပွားနေသော ပြင်းထန်သောတိုက်ပွဲများကြောင့် လူဦးရေ ၅၀,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရကြောင်းလည်း UNOCHA Myanmar က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် များပြားလာသော လိုအပ်ချက်များကို တုံ့ပြန်ကူညီနိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး လက် ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဥ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံး၌ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်း သိရသည်။

ယင်းကြောင့် ထပ်တိုးရန်ပုံငွေရရှိရေးနှင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များဖြည်လျှော့ပေးခြင်းများသည် အရေးပေါ် လိုအပ်ချက်များကို တုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်နေကြောင်းလည်း UNOCHA Myanmar က အသိပေးဖော်ပြထားသည်။

ဓာတ်ပုံ – UNOCHA Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here