အစိုးရ ရုံးပိတ်ရက်များတွင် အထူးရထားများ ပြေးဆွဲမည်

0
282

အစိုးရရုံးပိတ်ရက် ရက်ရှည်ကာလများတွင် အထူးရထားများပြေးဆွဲပေးသွားရန် စီစဉ်ထားမည်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ထို့ပြင်လာမည့် တန်ဆောင်တိုင်ပိတ်ရက်ကာလတွင်လည်း ခရီးသွားများ အဆင်ပြေစေရန်အတွက် အထူးရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

” အဓိက ရက်ကြီးခါကြီး ပိတ်ရက်ရှည်တွေမှာ အထူးရထားတွေကို ပြေးဆွဲပေးဖို့စီစဉ်ထားတယ်။ နယ်ကိုပြန်ကြတာရှိသလို အလည်အပတ်ခရီးသွားကြတာတွလည်းရှိတယ်။ ဒါကြောင့် အဆင်ပြေအောင် အထူးရထားတွေကိုပြေးဆွဲပေးတာဖြစ်ပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လာမည့် တန်ဆောင်တိုင် ပိတ်ရက်များဖြစ်သည့် နိုဝင်ဘာ (၂၄) ရက်မှ (၂၇) ရက်အထိ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် အဆန်/အစုန် အထူးရထား၊ ရန်ကုန်-ပြည်၊ ပြည် -ရန်ကုန် အဆန်/အစုန် အထူးလေအိတ်ရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ (၂၄) ရက်တွင် နေပြည်တော် – ရန်ကုန် အစုန် အထူးလေအိတ်ရထားနှင့် နိုဝင်ဘာ (၂၇) ရက်တွင် ရန်ကုန်-နေပြည်တော် အဆန် အထူးလေအိတ်ရထားကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရထားစီးနင်းမည့် ပြည်သူများ အနေဖြင့် လက်မှတ်များကို ရိုးရိုးတန်းတစ်ရက်ကြို၊ အထက်တန်း သုံးရက်ကြို ဝယ်ယူရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here