ကိုးကန့်‌ ဒေသ အချမ်းသာဆုံးစာရင်းဝင် လွှတ်တော်အမတ်ဟောင်း မြီရှောက်ချန်းနှင့်မိသားစုဝင် (၄) ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

0
551

တရုတ် – မြန်မာ နယ်စပ်ရှိ ကိုးကန့် ဒေသအတွင်းရှိ အွန်လိုင်း လောင်းကစားများနှင့် ဆက်သွယ်ရေးနည်းပညာသုံး လိမ်လည်မှုများတွင် ဆက်စပ်ပါဝင်နေသည်ဆိုသည့် စွတ်စွဲချက်ဖြင့် ကြံ့ခိုင်ရေးအမတ်ဟောင်းလည်းဖြစ် ကိုးကန့်ဒေသ၏ အချမ်းသာဆုံး မိသားစု စာရင်းဝင်လည်းဖြစ်သည့် မြီရှောက်ချန်းနှင့် မိသားစုဝင် (၄) ဦးကို တရုတ်ဘက်က ဖမ်းဝရမ်းထုတ်လိုက်သည်။

တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်လိုက်ခြင်းဖြစ်ပြီး သတင်းပေးသူတွေကို ယွမ်(၁)သိန်းကနေ (၅)သိန်း အထိချီးမြှင့်မယ်လို့လည်း တရုတ်ဘက်က ဆုကြေးထုတ်ထားသည်။

ဖမ်းဝရမ်းထုတ်ခံရသူများထဲတွင် လွှတ်တော်အမတ်ဟောင်း မြီရှောက်ချန်းအပါအဝင် သားဖြစ်သူ မြီကော့်ဖျင်၊ သမီး မြီကျူးလန့်နှင့် မြေးဖြစ်သူ မြီကြိမ်းကြိမ်း တို့လည်းပါဝင်ကြောင်း သိရသည်။

တရုတ်အာဏာပိုင်တွေက ပြီးခဲ့သည့် အောက်တိုဘာ (၁၂) ရက်တွင် ဝတပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချန်း၏ တူတော်စပ်သူ ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက် အိုက်ပန်း (ခ) ပေါက်ယန်ပန် (ခ)ချန်ယန်ပန်နှင့် ဝခေါင်းဆောင် ပေါက်ယူချန်း၏သမက်ဟောင်း မိုင်းလင်းခရိုင်မှူး ရှောက် ဟော် (ခ) အိုက်ဟော် (ခ) ဟော်ချွင်ထင်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး သတင်းပေးသူကို ယွမ် (၁) သိန်းကနေ (၅) သိန်း ပေးမည်ဟု ဆုကြေးထုတ်ခဲ့သည်။

ထို့အပြင်အွန်လိုင်း ငွေလိမ်ဂိုဏ်များနှင့် ပတ်သက်ဆက်နွယ်သည်ဟုယူဆသည့် အွန်လိုင်းလိမ်လည်မှုနဲ့သက်ဆိုင်တဲ့ကိုးကန့်လုပ်ငန်းရှင် (၁၁) ဦးကို ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းတွင် တရုတ်က ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများထဲတွင် ဖူလီလိုက်လုပ်ငန်းရှင်သူဌေးလည်း ပါဝင်ခဲ့သည်။

တရုတ်အစိုးရအနေဖြင့် ၎င်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်းလောင်းကစားဂိုဏ်းများနှင့် ဆက်သွယ်ရေးနည်းပညာသုံးလိမ်လည်နေသည့် ကျားဖျန့် လုပ်ငန်းများကို မြန်မာအစိုးရကို ဖိအားပေးမှုများ ရှိနေသလို တရုတ်-မြန်မာ- ထိုင်း – လာအို (၄)နိုင်ငံပူးပေါင်းပြီးဖမ်းဆီးမှုများ ပြုလုပ်ရန် သဘောတူညီမှုများလည်း ရယူထားပြီး ဖြစ်သည်။

လက်ရှိတွင် “ဝ” နှင့် ကိုးကန့်‌ ဒေသအတွင်းရှိအွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ဆက်သွယ်ရေးနည်းပညာသုံးလိမ်လည်မှုများတွင် ဆက်စပ်ပါဝင်နေသည့် တရုတ်နိုင်ငံသား ထောင်နှင့်ချီကို ” ဝ” တပ်ဖွဲ့အပါအဝင် မြန်မာ အာဏာပိုင်တွေဘက်က ဖမ်းဆီးပြီး တရုတ်အစိုးရထံ ပြန်လည် အပ်နှံမှုများလည်း ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here