ကွမ်းလုံမြို့ကို MNDAA နှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပြီး သမိုင်းဝင် ကွမ်းလုံသံလွင်မြစ်ကူးတံတားကို ဖောက်ခွဲဖျက်ဆီး

0
5369

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ စစ်ရေးအရ အရေးပါသည့် ကွမ်းလုံမြို့ကို MNDAA က ယနေ့ နိုဝင်ဘာ (၁၂) ရက် ညနေပိုင်းမှာ ရယူထိမ်းသိမ်းခဲ့ပြီး သမိုင်းဝင် ကွမ်းလုံကြိုးတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း မြေပြင်သတင်းရင်းမြစ်များအရ သိရသည်။

ကွမ်းလုံမြို့သည် တရုတ် – မြန်မာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ် တရုတ်၏ ရပ်ဝန်းနှင့် ခေတ်သစ်ပိုးလမ်းမ (BRI) စီမံကိန်း လမ်းကြောင်းပေါ်တွင်တည်ရှိနေသည့် မြို့တစ်ခုဖြစ်သည်။

တရုတ်၏ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် ကွမ်းလုံ သံလွင်မြစ်ကူး တံတားသစ်ကို ယခုလ နိုဝင်ဘာ (၁၁) ရက်တွင် ဖွင့်လှစ်ရန် မူလက စီစဉ်ထားသော်လည်း အဆိုပါ ရက်မတိုင်မီ အောက်တိုဘာ (၂၇)တွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ ဒုတိယမြောက်အရေးအပါဆုံးဖြစ်သည့် ချင်းရွှေဟော်မြို့အပါအဝင် ကိုးကန့်‌ ဒေသတခွင်နှင့် ရှမ်းပြည်မြောက်ပိုင်းက ဒေသအများအပြားကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ကွမ်းလုံတံတားသစ်ဖွင့်နိုင်ခြင်းမရှိခဲ့ပေ။

ယနေ့ ညနေပိုင်း ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ကွမ်းလုံ ကြိုးတံတားသည် မြန်မာ-တရုတ်နယ်စပ်၊ လားရှိုး-သိန္နီ – ချင်းရွှေဟော်-လောက်ကိုင်လမ်းပေါ်တွင်တည်ရှိပြီး အဆိုပါ ကွမ်းလုံကြိုးတံတားကို ၁၉၆၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တံတားအရှည် (၇၈၉) ပေ ရှိပြီး တံတားကြမ်းခင်းများမှာ ပျဉ်းကတိုးသားများ ခင်းထားသည့် ယင်းကွမ်းလုံကြိုးတံတားကို သက်တမ်းကြာမြင့်နေပြီဖြစ်သည့်အတွက် ၂၅ တန်အောက်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here