ကိုးကန့်ဒေသ နယ်စပ်မျဉ်း တိုက်ပွဲရှောင်စခန်း (၁၂၅) တွင် တိုက်ပွဲရှောင် ခိုလှုံသူဦးရေ (၁၈၀၀၀) ဝန်းကျင်အထိရှိလာ

0
174

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသ ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်းတွင် တိုက်ပွဲရှောင် ပြည်သူ (၁၈၀၀၀)ဝန်းကျင်အထိ ရှိလာပြီဖြစ်ရာ သောက်သုံးရေပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသ နေရာအနှံ့မှ ဒေသခံများမှာ ဒေသတွင်းရှိ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရခြင်းဖြစ်ပြီး ကိုးကန့်နယ်စပ်မျဉ်း (၁၂၅)သို့ နိုဝင်ဘာ (၁၂)ရက်အထိ တိုက်ပွဲရှောင် (၁၇၇၆၅) ဦး အထိ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ဒေသခံများ အဆက်မပြတ်ရောက်ရှိလာခြင်းကြောင့် မီးသတ်တပ်ဖွဲ့မှ နေ့စဉ် ရေပေးဝေလျက်ရှိသော်လည်း တိုက်ပွဲရှောင်ပြည်သူ (၁၈၀၀၀) ဝန်းကျင်၏ သောက်သုံးရေ ပြတ်လပ်မှုကို မဖြည့်ဆည်းနိုင်သေးကြောင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် နေ့စဉ်သုံးလူ့အသုံးဆောင်များ၊ ဆေးဝါးပစ္စည်းထောက်ပံ့မှုများကို ဒေသတွင်းရှိ ကုမ္ပဏီများနှင့် စေတနာရှင်ပြည်သူများက အကူအညီများ ပေးလျက်ရှိပြီး အရေးပေါ် လိုအပ်သူများအတွက် ယာယီရွက်ဖျင်တဲများ ဆောက်လုပ်ကူညီလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်း နေရာကို အောက်တိုဘာ (၃၀)ရက်မှ စတင်ကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေမြောင်းဖော်ခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး စေတနာ့ ဝန်ထမ်းပေါင်း (၂၀၀) ဝန်းကျင်မှ ဆေးခန်းများထားရှိပြီး နေ့စဉ် ဝင်ရောက်လာသူများအတွက် ဆေးခန်းများထားရှိကာ ကျန်းမာရေးထောက်ပံ့ပေးနေကြောင်း သိရသည်။

ရှမ်းမြောက်ဒေသတွင်း မတည်ငြိမ်မှုများကြောင့် တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် BP (၁၂၅) စခန်းသို့ သွားရောက်ခိုလှုံနေရသည့်အပြင် အချို့ပြည်သူများမှာလည်း ရန်လုံကျိုင်း တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံရာ ရန်လုံကျိုင်း တိုက်ပွဲရှောင်စခန်းတွင်လည်း ပြည်သူ (၁၄၀၀) ကျော် လာရောက် ခိုလှုံနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here