ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို ကျိုင်းတုံနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးခန်းများမှ တင်ပို့မည်

0
263

တရုတ်နိုင်ငံသို့ တင်ပို့မည့် ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို ကျိုင်းတုံနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးခန်းများမှ တင်ပို့သွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပုတ်သိုးလွယ်ပြီး ကြာရှည်မခံသည့် ပန်းဂေါ်ဖီ၊ ဖရဲသီးနှင့် သခွားမွှေးအပါအဝင် ရေထွက်ကုန်များကို ကုန်သည်များ‌ အနေဖြင့် ကြိုတင်ဝယ်ယူထားမှုရှိနေသည့်အတွက် စရိတ်အသက်သာဆုံးနည်းလမ်းဖြင့် လမ်းကြောင်းပြောင်းလဲတင်ပို့ရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

” ကုန်တွေက ကြိုပြီးဝယ်ထားတာတွေဆိုတော့ မဖြစ်မနေပို့ရတော့မယ်။ မူဆယ်ကတော့ မဖြစ်နိုင်တော့ဘူး။ တခြားလမ်းကြောင်းကို ရှာပြီးရွေးပို့ရတာပေါ့”ဟု ဖရဲကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသအချို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် အများဆုံးကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတို့သည်လက်ရှိအချိန်ထိ ရာနှုန်းပြည့် ကုန်သွယ်မှုရပ်တန့်နေကြောင်းလည်း သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ နိုဝင်ဘာလ ၃ ရက်အထိ လယ်ယာထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၈၁ ဘီလီယံရရှိထားပြီး ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၇၅ ဒသမ ၁၄၄ သန်းရရှိထားကြောင်းစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

Photo – ခွာညိုသစ်သီးပွဲရုံ


LEAVE A REPLY

Please enter your comment!
Please enter your name here