ပြည်တွင်း၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ခရီးသွားလုပ်ငန်းထိခိုက်စေနိုင်ဟုဆို

0
142

ပြည်တွင်းရှိ ဒေသအချို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း ခရီးသွားအေဂျင်စီများ၏ ပြောပြချက်အရ သိရသည်။

” Local တွေကတော့ သွားတဲ့သူတွေလည်းရှိတာပေါ့။ အဓိက ပြည်ပခရီးသွားတွေ အတွက်ကတော့ အဟန့်အတားဖြစ်သွားတာပေါ့။ လုံခြုံမှုမရှိဘူးလို့ တွေးကောင်းလည်းတွေးနိုင်တယ်။ ပြည်ပက အရမ်းအများကြီးတော့ မဝင်သေးဘူး။ လာတော့လာနေကြပြီ။ ဘာပဲပြောပြောနိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတယ်”ဟု ပြည်တွင်းခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်‌မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ လည်ပတ်ခြင်းမပြုရန် တရုတ်အစိုးရမှ သတိပေးမှုများရှိနေကြောင်း နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။

ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ ခရီးသွား အများဆုံးလာရောက် လည်ပတ်ကြပြီး တရုတ်နိုင်ငံမှ ဒုတိယအများဆုံးလည်ပတ်လျက်ရှိကြောင်း သိရသည်။

“လောလောဆယ် ကျွန်တော်တို့ နိုင်ငံထဲကို ဧည့်သည်တွေအလုံးအရင်းနဲ့ဝင်ရောက်လာနိုင်ခြင်း မရှိသေးဘူးပေါ့။ ကိုဗစ်အလွန်မှာပေါ့။ လည်ပတ်မှုက ပုံမှန်လည်ပတ်မှုလို့ကျွန်တော်တို့ကမပြောနိုင်သေးပါဘူး။ အခုလောလောဆယ်တော့။ခရီးသွားလုပ်ငန်း တစ်ခုလုံးနှင့် ပတ်သက်ရင်တောင် ၂၀ ရာခိုင်နှုန်းလောက် လည်ပတ်မှုမျိုးလို့ ပြောလို့ရနိုင်ပါသေးတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံသားများကို ဗီဇာဖြေလျှော့ပေးထားသည့်အတွက် အများအပြားဝင်ရောက်လာနိုင်ကြောင်း ခရီးသွားကုမ္ပဏီများက ‌ခန့်မှန်းထားသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ခရီးသွားကဏ္ဍကို ထိခိုက်စေနိုင်ကြောင်းလည်း သုံးသပ်နေကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here