ဆာဆာကာဝါ ညှိနှိုင်းပေးခဲ့သည့် မြန်မာ့တပ်မတော်နှင့် AA တို့ အကြားက အပစ်ရပ်စဲမှု (၁) နှစ်ပြည့်ခါနီးတွင် ပျက်ပြယ်တော့မည်လား

0
225

AA နှင့် တပ်မတော်ကြားက လူသားချင်းစာနာမှု အပစ်ရပ်စဲထားမှုသည် (၁) နှစ်ပြည့်ခါနီး အချိန် ယနေ့ နိုဝင်ဘာ (၁၃) ရက်တွင် ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း သုံးသပ်သူများက သုံးသပ် ပြောကြားသည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင် ညှိနှိုင်းပေးမှုဖြင့် ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်အပစ်အခတ်ရပ်စဲမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၈) ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။

စာချုပ်စာတမ်းနှင့် လက်မှတ်ထိုးပြီး အပစ်အခတ်ရပ်စဲခြင်း မဟုတ်သော်လည်း နှစ်ဖက်တပ်များ မိမိရောက်သည့်နေရာတွင် ရပ်တန့်ကာ အပစ်အခတ် ရပ်စဲကြရန် အလွတ်သဘော သဘောတူထားခြင်း ဖြစ်သည်။

” ပျက်ပြယ်သွားတဲ့ သဘောပေါ့ဗျာ။ ဆာဆာကာဝါရဲ့ ကြိုးစားမှုနဲ့ ဖြစ်လာတဲ့ လူသားချင်း စာနာမှု အပစ်အခတ်ရပ်စဲထားတာကတော့ ပျက်ပြယ်သွားတာပေါ့။ ရခိုင်ကျေးလက်လူထုအတွက် စိုးရိမ်ဖွယ် အခင်းအကျင်းလှိုင်းကြီးတစ်ခုကတော့ လာတော့မယ်” ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ဆာဆာကာဝါ၏ ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲခဲ့စဥ်က ရခိုင်ပြည်နယ်သို့ ပြည်မမှလာမည့် စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်မှုများကို တပ်မတော်ဖက်က တားမြစ်ခြင်းများ မပြုလုပ်ဘဲ ခွင့်ပြုပေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများ လွတ်လပ်စွာ ပေးခွင့်ပြုရန် တို့ပါဝင်ပြီး တစ်ဘက်ဘက်မှ သဘောတူညီချက်အား ချိုးဖောက်ပါက အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း ပြောကြားထားကြခြင်း ဖြစ်သည်။

AA အပါအဝင် မြောက်ပိုင်း မဟာမိတ်(၃) ဖွဲ့နှင့် တပ်မတော်အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေချိန် ယနေ့ နိုဝင်ဘာ (၁၃) ရက် နံနက်ပိုင်း၌ AA ဘက်မှ ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းများကို စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်တစ်ပြည်နယ်လုံးသို့ စစ်မီးကူစက်လာမည်ကို ဒေသခံ ရခိုင်လူထုက စိုးရိမ်မှုများ ရှိနေကြောင်းလည်း ရခိုင်ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။

“ပြည်သူဆိုတာက အမြဲတမ်း အမှန်တရားနဲ့ တည်ငြိမ်အေးချမ်းမှုကိုပဲ လိုချင်ကြတယ်ဗျ။ ဘယ်သူမှ ပဋိပက္ခကို မလိုချင်ကြဘူး။ သူတို့အချင်းချင်း ပစ်ခတ်ချေမှုန်းကြတာဆိုပေမယ့် ‌ေ-သနတ်နဲ့ ပစ်တာက ပန်းနဲ့ပေါက်တာမှ မဟုတ်ဘဲဗျ။ ‌ေ-သစေနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ တိုက်ကြတာဆိုတော့ တိုက်ပွဲ ဧရိယာနားက ပြည်သူတွေကို ရိုက်ခတ်တာပဲဗျ။ စစ်ရေး ပဋိပက္ခကိုတော့ ဘယ်ပြည်သူမှ ကြိုက်မှာ မဟုတ်ဘူးဗျ” ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။

မစ္စတာ ဆာဆာကာဝါသည် ရခိုင်ပြည်နယ်အတွင်း AA နှင့် မြန်မာ့တပ်မတော်ကြားက တိုက်ပွဲများ ရပ်စဲရေးအတွက် ၂၀၂၀ ခုနှစ်ကလည်း တစ်ကြိမ် ကြားဝင်ညှိနှိုင်းပေးခဲ့ သေးပြီး AA နှင့် တပ်မတော်မှ ပထမအကြိမ် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သေးသည်။

အဆိုပါ အပစ်အခတ်ရပ်စဲမှုသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပြန်လည် ပျက်ပြယ်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည့်အတွက် ဒုတိယအကြိမ် ကြားဝင်ညှိနှိုင်း ပေးခဲ့ရာ (၄) လအကြာ နိုဝင်ဘာ (၂၈) ရက်၌ ပြန်လည်အပစ်ရပ်ကြောင်း နှစ်ဘက်က ကြေညာခဲ့ကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here