တောင်ငူမြို့နယ် (၁၈) ရပ်ကွက် စည်သူလမ်းဘေးတွင် မိခင်ရင်းမှ မွေးကင်းစ ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှု ဖြစ်ပွား

0
192

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် (၁၈) ရပ်ကွက် စည်သူလမ်းဘေးတွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို မိခင်အရင်းမှ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း Save The Trees Rescue Team မှ သိရသည်။

ဖြစ်စဉ်မှာ တောင်ငူမြို့နယ် (၁၈) ရပ်ကွက် စည်သူလမ်းဘေးတွင် မွေးကင်းစ ကလေးတစ်ဦးကို နိုဝင်ဘာ (၁၂) ရက် ညနေ (၄)နာရီ ဝန်းကျင်ခန့်က မိခင်အရင်းက ဆေးရုံမှ ဆင်းပြီးပြီးချင်း လူသွားလူလာနည်းသည့် နေရာတွင် စွန့်ပစ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စတွေ့ချိန်မှာ ကလေးက ပုရွတ်ဆိတ်တွေ ကိုက်နေပြီး ခွေးလည်းဟောင်နေတယ်လို့ အနီးဝန်းကျင်က ကူညီဆက်သွယ်ပေးတဲ့ အစ်မတွေကပြောပါတယ်။ ကလေးအတွက် ဆေးရုံကြီးမှာဆေးခန်းပြရပါမယ်။ ပြီးရင် တိုင်းရင်းသား မိဘမဲ့ကျောင်းကို ပို့ဆောင်သွားပါမယ်။”ဟု Save The Trees Rescue Team မှ သွားရောက်ကူညီပေးသူ တစ်ဦးက ပြောသည်။

ကလေးမိခင်မှာ ဆေးရုံမှာ မွေးပြီး တွေ့ရှိသမျှလူများကို ကလေးလိုက်ပေးနေခြင်းဖြစ်ပြီး မည်သူမှ ယူမည့်သူ မရှိသည့်အခါ တောင်ငူမြို့နယ် (၁၈) ရပ်ကွက် စည်သူလမ်းဘေးတွင် နို့အဝတိုက်ပြီး စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း Save The Trees Rescue Team မှ ဆိုသည်။

အဆိုပါ စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ်ကို ဆေးရုံကြီးတွင် ဆေးကုသမှုပေးပြီး တိုင်းရင်းသား မိဘမဲ့ကျောင်းသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here