လောက်ကိုင်နှင့် ကုန်းကြမ်းတွင် ည (၆) နာရီ မှ မနက် (၆) နာရီအထိ ညမထွက်ထုတ်ပြန်

0
279

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့တွင် ည‌ (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဒေသကွပ်ကဲရေးမှူး၏ Martial Law အမိန့်ကို မလိုက်နာပါက အင်အားသုံး ဖမ်းဆီးကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) မှ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်တို့တွင် ည (၆)နာရီမှ နံနက် (၆)နာရီအထိ အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းပေါ်တွင် သွားလားခြင်းမပြုရန် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)မှ အမိန့်အမှတ် ၁/ ၂၀၂၃ အရ နိုဝင်ဘာ (၁၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အပြင် အမိန့်တစ်စုံတစ်ရာမရှိဘဲ နံနက် (၆)နာရီမှ ည(၆) နာရီအတွင်း လူ (၅)ဦးနှင့် လူ(၅)ထက်ပို၍ ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓ-ါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန် လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။

ထို့အပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်းမပြုရန်နှင့် အမိန့်မလိုက်နာသူများအား လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများက အင်အားသုံး ဖမ်းဆီး၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ထိတွေ့မှုများ ပြင်းထန်နေသည့် မြို့နယ် (၈) ခုကို နိုဝင်ဘာ (၁၂) ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသကွတ်ကဲရေးမှူးတို့ကို စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။

အဆိုပါ မြို့နယ် (၈)ခုမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here