ရခိုင်ရှိ အင်အားနည်းသည့် ရဲစခန်းများကို နည်းဗျူဟာအရ ပေါင်းစည်းရေး လုပ်ဆောင်နေ

0
368

ရခိုင်ပြည်နယ်အတွင်းရှိ အင်အားနည်းသော ရဲစခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

” ကျွန်တော်တို့ အနေနဲ့ကတော့ အင်အားနည်း စခန်းလေးများကို စစ်ရေးနည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းဖို့ လုပ်နေတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ နိုဝင်ဘာ (၁၄) ရက်၏ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်း အပါအဝင် လုံခြုံရေးစခန်းများကို နိုဝင်ဘာ (၁၃) ရက် နံနက်အစောပိုင်းက AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်တွင် တကျော့ပြန် တိုက်ပွဲများပြန်လည် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ နိုဝင်ဘာ (၁၄) ရက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ရဲစခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း AA ဘက်မှ သတင်းထုတ်ပြန်မှုများ ရှိနေသည်။

သို့သော် ယင်းကဲ့သို့ သတင်းထုတ်ပြန်နေမှုသည် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

” သူတို့အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိထားတာ ရှိတယ်ဆိုပြီး ဝါဒဖြန့်ထားတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မောင်တော၊မင်းပြား၊ မြောက်ဦး စသည့် မြို့နယ်များတွင် ယမန်နေ့က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့အပြင် နံနက်ပိုင်းမှစတင်ကာ ပလက်ဝမြို့နယ်အတွင်းရှိ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ တပ်စခန်းနှစ်ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်တိုက်ခိုက်မှုများကြောင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့အနေဖြင့် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း ဗိုလ်ချု ပ် ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here