ယခုဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်သို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတစ်ခု စတင်ဝင်ရောက်

0
253

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ (၇) လတာအတွင်း ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းတစ်ခု ဝင်ရောက်လာကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။

“ရခိုင်ပြည်နယ်က ထွက်တဲ့ ပုစွန်၊ ငါး၊ ဂဏန်းပျော့ အစရှိတဲ့ ပင်လယ်ရေထွက်ကုန်ပစ္စည်းတွေကို ပြုပြင်ထုတ်လုပ်မယ့် လုပ်ငန်းဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိမ်းက ပြောသည်။

အဆိုပါ ကာလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းတစ်ခုကိုလည်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုပေးထားကြောင်း သိရသည်။

“ဒီလုပ်ငန်းနှစ်ခုပေါင်းလိုက်မယ်ဆိုရင် ဒေသခံအလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း (၁၅၀)လောက် ရရှိလာနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ငါး၊ ပုစွန်၊ ဂဏန်းပျော့ ပြုပြင်ထုတ်လုပ်မည့် FDI လုပ်ငန်းက အမေရိကန်ဒေါ်လာ (ဝ.၅) သန်း ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး သောက်ရေသန့်ထုတ်လုပ်မည့် နိုင်ငံသားပိုင်လုပ်ငန်းက ကျပ်သန်း (၁,၀၀၀) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း (၂၈) ခုရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၁) ခု အထိ ရှိပြီးဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း FDI အများစုက ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြပြီး နိုင်ငံသားလုပ်ငန်းအများစုက ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here