တရုတ် – မြန်မာနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာဘက်မှ အာမခံချက်ပေးရန် တရုတ်တောင်းဆို

0
272

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို မြန်မာနိုင်ငံအနေဖြင့် လက်တွေ့ကျ၍ ထိရောက်သော အစီအမံဖြင့် အာမခံချက်ပေးရန် တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝမ်ဘင်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းပဋိပက္ခများ၏ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ (၁၄) ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာဘက် အသီးသီးမှ အမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုညှိနှိုင်းမှုမှတဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် တိုက်တွန်းကြောင်းလည်း ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

လက်ရှိအချိန်ထိ တရုတ် – မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာ – တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် (၁၀၅) မိုင်၊ ချင်းရွှေဟော်ဂိတ်တို့မှာလည်း ရာနှုန်းပြည့် ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေရကြောင်း သတင်းများအရ သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၁၄) ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံကာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာ – တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here