ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဆောင်ရွက်မည့်စုဆောင်းသိုလှောင်ဈေးရုံစီမံကိန်း ၂၀၂၄ ခုနှစ်တွင် စတင်နိုင်ရေးမျှော်မှန်းထား

0
208

မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)မှ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆောင်ရွက်မည့် စုဆောင်းသိုလှောင်ဈေးရုံ စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် စတင်နိုင်ရေး မျှော်မှန်းထားကြောင်း အဆိုပါ ကုမ္ပဏီမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းကို ရှမ်းပြည်တောင်ပိုင်း ကလောခရိုင်နှင့်ပင်းတယခရိုင်အတွင်း ဟဲဟိုး၊ ဟဲဟိုးနှင့် ဘော်နင်းအကြား၊ ဟဲဟိုးနှင့် ကျုံးအကြား ပတ်ဝန်းကျင်ရှိ မြေယာများကို ဝယ်ယူပြီး ဈေးရုံများ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

လက်ရှိအချိန်သည် စီမံကိန်း၏ ကနဦး အချိန်ကာလဖြစ်ပြီး MIC Permit ရရှိရန်နှင့် စီမံကိန်း လုပ်ကိုင်ခွင့် ရရှိရေးအတွက် လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းတွင် စိုက်ပျိုးရေးထုတ်ကုန်များကို အရည်အသွေး စံချိန်စံညွှန်းများအလိုက် ရွေးချယ်ပြီး အမျိုးအစားခွဲခြားခြင်း၊ သန့်စင်ထုတ်ပိုးခြင်းဈေးရုံများ၊ သီးနှံများ သိုလှောင်ထားနိုင်ရန်နှင့် ထွက်ကုန်ပစ္စည်းများ စနစ်တကျထားရှိနိုင်ရန်အတွက် အအေးခန်းများ၊ အခြောက်ခံ သိုလှောင်ရုံများ၊ ပွဲရုံများနှင့် တောင်သူများ တိုက်ရိုက်ရောင်းချနိုင်သည့် ဈေးရုံများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းမြေယာများကို ဒေသခံများထံမှ သင့်တော်သည့် မြေတန်ဖိုးပေးချေဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာများနှင့် အစုရှယ်ယာရှင်များက အရောင်းအဝယ်လုပ်ဆောင်ချက်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အခြားအကျိုးစီးပွားတစ်စုံတစ်ရာ ပါဝင်ပတ်သတ်မှု မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here