ငပလီတွင် ပိတ်မိနေသည့် ခရီးသွားများကို တောင်ကုတ်လမ်းပိုင်းမှတစ်ဆင့် ခွင့်ပြုရန်စီစဉ်နေ

0
273

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်အတွင်းရှိ ငပလီကမ်းခြေတွင် ရောက်ရှိကာ ပိတ်မိနေသည့် ပြည်တွင်း/ ပြည်ပခရီးသွားများကို ယနေ့ နိုဝင်ဘာ (၁၅) ရက်တွင် တောင်ကုတ်လမ်းမှတဆင့် ပြန်ရန်ခွင့်ပြုပေးနေကြောင်း ဟိုတယ်များမှ စုံစမ်းသိရှိရသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရခိုင်ပြည်နယ်ဝင်ပေါက်များအားလုံးကို ပိတ်ထားသည့်အတွက် ငပလီကမ်းခြေသို့ ရောက်ရှိနေသည့် ခရီးသွားဧည့်သည် ၅၀၀၀ ကျော်ခန့် ပိတ်မိနေခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွားဧည့်သည် ရာဂဏန်းပါဝင်ကြောင်း သိရသည်။

“ပိတ်မိနေတဲ့ ဧည့်သည်တွေရဲ့ စာရင်းကောက်ပြီးတော့ ထွေအုပ်ရုံးကို ပို့ပေးရမယ်။ တောင်ကုတ်လမ်း ဂိတ်ကနေ ခွင့်ပြုပေးမယ်လို့ပြောတယ်။ ကိုယ်ပိုင်ကားတွေနဲ့ လာတဲ့သူတွေကတော့ သူတို့စီစဉ်ပေးတဲ့ လမ်းပိုင်းကနေပြန်လို့အဆင်ပြေတာပေါ့။ ကျန်တဲ့သူတွေကတော့ ခရီးသည်တင်ကားတွေကို ပေးမဆွဲတဲ့အတွက် လေယာဉ်နဲ့ ပြန်ရမှာပေါ့” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ငပလီကမ်းခြေတွင် ပိတ်မိနေသည့် ခရီးသွားဧည့်သည်များကို ဟိုတယ်ပိုင်ရှင်များက အခန်းခနှုန်းထားများအား ဈေးအသက်သာဆုံးဖြင့် ကူညီပေးထားပြီး ကိုယ် တိုင်ချက်ပြုတ်စားသောက်နိုင်ရန်အတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

နိုဝင်ဘာ (၁၃) ရက် နံနက်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသအများစုတွင် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံးကို နိုဝင်ဘာ (၁၃) ရက်နေ့မှစ၍ ပိတ်ထားခြင်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်အခြေပြု ပြေးဆွဲနေသည့် အဝေးပြေးယာဉ်များနှင့် ရေယာဉ်လမ်းကြောင်းများကိုလည်း ရပ်နားထားပြီး ကုန်စည်စီးဆင်မှုအပါအဝင် ခရီးသွားလာမှုလ မ်းကြောင်းများလည်း ရပ်တန့်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here