ဘင်္ဂလား ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု မိုး/ဇလထုတ်ပြန်

0
288

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသည့် အတွက် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်ဘက် ရေမိုင် (၃၈၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက် – အနောက်တောင်ဘက် ရေမိုင် (၄၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam) ၏ အရှေ့တောင်ဘက် ရေမိုင် (၂၇၅)မိုင်ခန့်၊ ပါရာဒစ်မြို့(Paradip)၏ တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်နှင့် ဒီဂါမြို့(Digha)၏ တောင်ဘက် ရေမိုင် (၄၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသော်လည်း မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် နိုဝင်ဘာ (၁၇) ရက်နှင့် (၁၈) ရက်အတွင်း စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့် မှန်းထားသည်။

မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်လည်း မိုးဇလက သတိပေးထားသည်။

ထို့အပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here