စက်ရုံ၊ အလုပ်ရုံများတွင်လုပ်ကိုင်နေသည့် လုပ်သားများ တစ်လထောက်ပံ့ကြေးငွေ သုံးသောင်းမရရှိပါက တိုင်ကြားနိုင်

0
364

စက်ရုံအလုပ်ရုံများအပါအဝင် လုပ်သားဆယ်ဦးနှင့်အထက်ရှိသော လုပ်ငန်းခွင်များတွင် လစဉ်အပိုထောက်ပံ့ကြေးငွေ သုံးသောင်း မရရှိပါက သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးသို့ တိုင်ကြားနိုင်ကြောင်း ယင်းဝန်ကြီးဌာနမှသိရသည်။

အဆိုပါ လုပ်သားများကို လက်ရှိတစ်ရက်လုပ်ခလစာငွေ ကျပ် (၄၈၀၀)အပြင် တစ်ရက်လျှင် အပိုကြေး ကျပ် (၁၀၀၀)ထပ်မံ ခံစားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ယင်း ခံစားခွင့်ကို အောက်တိုဘာ(၁)ရက်မှစတင်ခံစားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ (၉) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

” ခံစားခွင့်ပြုထားတာ သိပါတယ်။ လက်ရှိကာလအခြေအနေအရ အပိုဆောင်းပေးတာပါ။ ခံစားခွင့်ကို တစ်ရက်အလုပ်မဆင်းရင် မဆင်းတဲ့ရက်အတွက်တော့မရဘူး။ အချိန်ပိုဆင်းတဲ့ဟာကိုတော့

အခြေခံ သတ်မှတ်လစာငွေ ၄၈၀၀ ကျပ်နဲ့ဘဲတွက်ပြီးပေးပါတယ်။ ဘာဖြစ်ဖြစ် တစ်ရက်တစ်ထောင်နှုန်းနဲ့တစ်လသုံးသောင်းခံစားခွင့်ရတဲ့အတွက်အသက်ရှုတော့နည်းနည်းလေးချောင်သွားတာပေါ့။” ဟု လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံမှ လုပ်သားခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါ ခံစားမှုသည် လုပ်သားဆယ်ဦးနှင့်အထက်ရှိသော မည်သည့်လုပ်ငန်းမဆို ခံစားခွင့်ရရှိရမည်ဖြစ်ပြီး၊ မရရှိပါက အလုပ်သမားရုံးသို့ စာဖြင့်သော်လည်းကောင်း ၊ လူကိုယ်တိုင်သော်လည်းငကာင်း လာရောက်တိုင်ကြားနိုင်သည်ဟု ယင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံဝန်းထမ်းများကိုလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ခံစားခွင့်ပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here