P.O မလိုဘဲ စက်သုံးဆီ ထုတ်ယူခွင့်ပြုသွားမည်

0
261

ရန်ကုန်မြို့အခြေစိုက် စက်သုံးဆီအရောင်းဆိုင်များကို (၃) ရက်ဆက်တိုက် သီလဝါ Terminal တွင် စောင့်ဆိုင်းစရာ မလိုဘဲဆီထည့်ပေးမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ Purchase Order (P.O) တင်ပြစရာ မလိုဘဲ ဆီထုတ်ယူခွင့်ပြုရာတွင် ရန်ကုန် အခြေစိုက်ဆီဆိုင်သီးသန့်ကိုသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၀)ရက်က ရန်ကုန်စက်သုံးဆီအရောင်း (၁၄၆) ဆိုင်တွင် ဓာတ်ဆီ 92 Ron နေ့စဉ်ပုံမှန်ရောင်းအားထက်ပိုမိုမြင့်တက်ခဲ့ပြီး Terminal (၃)ခုမှ အရောင်းဆိုင်များထံ အလျဉ်မီ ဖြန့်ဖြူးနိုင်ခဲ့ခြင်းမရှိသဖြင့် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့၍ Urgent စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ရကြောင်း သိရသည်။

ဆီပြတ်လပ်မှုနှင့် ပတ်သက်၍ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်း၌ 92 လက်ကျန် ဂါလန် ၁၃ သန်းကျော်နှင့် ဒီဇယ်လက်ကျန် ဂါလန်သန်း ၃၀ ကျော်ရှိပြီး မည်သည့်စက်သုံးဆီအမျိုးအစားမဆို တစ်လစာ အရန်ထားရှိကြောင်း နိုဝင်ဘာလ (၁၂) ရက်တွင် အသိပေးထားသည်။

“ဆီခွဲတမ်းများနဲ့ ပတ်သက်ပြီး စိစစ်တာတစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲ ဖြစ်တယ်။လျှော့ပြီးလုပ်ပေးတာ မရှိဘူး။ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိတယ်”လို့ ၎င်းက ဆိုထားသည်။

နိုဝင်ဘာ (၁၁) ရက်နှင့် (၁၂) ရက်တို့၌ စက်သုံးဆီတင် သင်္ဘော (၄)စင်း ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိမည့် ဆီတင်သင်္ဘော ၁၅ စင်း ရှိကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ပြောကြားထားသည်။

ထို့ပြင် ဆိုင်တွင် ဆီရှိရက်ဖြင့် ဆီလာဖြည့်သည့်ကားများကို မရောင်းပေးသည့် စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်ကို အရေးယူထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ နိုဝင်ဘာ (၁၅) ရက်တွင် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here