ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား ဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အချို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းအချို့က သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။
KNPP နှင့် PDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ (၁၃) ရက်က စတင်ကာ လွိုင်ကော်တက္ကသိုလ်အား ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်အတွင်း တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစက ဘက်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒဖောင်ဒေးရှင်း (ဗဟို) ၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာ သာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်းတို့မှ စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား စီးနင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။