ဂျပန်အပါအဝင် ၃ နိုင်ငံသို့ ပျားရည်တန်ချိန် ၁,၃၀၀ ကျော် တင်ပို့ထား

0
313

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ၇ လတာ ကာလအတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့ပျားရည်တန်ချိန် (၁၃၁၉.၀၂) တန် တင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

အဆိုပါ ကာလအတွင်း ပျားရည်တင်ပို့မှုကို ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ပုဂ္ဂလိကကဏ္ဍမှ တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုကြပြီး ပြည်ပဈေးကွက်သို့ တင်ပို့ထားနိုင်သဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနေကြောင်း ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ပုံမှန်ကုန်သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ထားခြင်းဖြစ်ပြီး ပျားရည်တန်ချိန် ၁၃၀၀ ကျော် တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၉၇၈) သန်း ရရှိထားကြောင်း သိရသည်။

လက်ရှိ ပြည်တွင်း၌ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဇီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုင်ချီးပျားရည် စသည့် အမျိုးအစားများ ထုတ်လုပ်လျက်ရှိသည်။

ပြည်ပဈေးကွက်၌ မြန်မာ့ပျားရည်တစ်တန်ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၂၅၀၀ မှ ၃၀၀၀ အကြား ရရှိနေပြီး နှစ်စဉ်တန်ချိန် ၃၀၀၀ ခန့် တင်ပို့ရောင်းချလျက်ရှိသည်။

ပျားလုပ်ငန်းဌာနအနေဖြင့် မြို့နယ် ၃၁ မြို့နယ်၌ အစိုးရပိုင် ပျားမွေးမြူရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရှိပြီး ပျားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသလို ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း နည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးကူညီပေးလျက်ရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ဂျပန်၊ ထိုင်း၊ ကိုရီးယားနိုင်ငံများအပြင် တရုတ်၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ စင်ကာပူနှင့် ဥရောပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here