ပြည်သူ့ အပ်ငွေများကို ဗဟိုဘဏ်လမ်းညွှန်ချက်အတိုင်း ထုတ်ယူခွင့်ပြုထားကြောင်း မြန်မာ့စီးပွားရေးဘဏ်ပြော

0
236

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ၎င်းတို့၏ဘဏ်တွင် ပြည်သူများ၏ အပ်နှံငွေများကို ဗဟိုဘဏ်လမ်းညွှန်ချက်အတိုင်း ထုတ်ယူခွင့်ပြုထားကြောင်း ယနေ့ နိုဝင်ဘာ (၁၇) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေသည့် အမျိုးမျိုးသော ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူ၍ မသမာသူများက လူမှု ကွန်ယက်စာမျက်နှာများတွင် ဘဏ်များငွေထုတ်ပေးမှု ပြန်လည်ကန့်သတ်လိုက်ကြောင်း၊ ဘဏ်များထံမှ အပ်ငွေများထုတ်ယူ၍ မရတော့ကြောင်း၊ ဘဏ်ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးပြီး ဘဏ်တွေပိတ်ထားကြောင်းစသည့် သွေးထိုးလှုံဆော်မှုများဖြန့်ဝေပြန့်နှံ့လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှုများကို စိုးရိမ်စရာမလိုအပ်ဘဲ တည်ငြိမ်အေးချမ်းစွာဖြင့် ပြုမူဆောင်ရွက်ရန် လိုအပ်ကြောင်းဗဟိုဘဏ်ကဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များထံ ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ စောင့်ကြည့် ကြပ်မတ်ကွပ်ကဲလျက်ရှိကြောင်းထုတ်ပြန်ထားသည်။

ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်းနှင့်လက်ရှိတွင် ဘဏ်များသည် Core Banking System အသုံးပြုလျက် ရှိသောကြောင့် မည်သည့်ဘဏ်ခွဲတွင်မဆို Customer များ၏ အပ်ငွေများ အသွင်း/အထုတ် ပြုလုပ်နိုင်ကြောင်းသိရသည်။

ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သောမိုဘိုင်း ဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်း နည်းများဖြင့် ငွေပေးချေမှုများ အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ကြောင်းအသိပေးထားသည်။

လတ်တလောအခြေအနေများနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဘဏ်တွင် အပ်နှံထားသည့်ငွေသည်မည်သည့်အခြေအနေ၊ မည်သည့်အချိန်တွင်မဆို Customer များ၏အပ်ငွေ ပင်ဖြစ်ပြီး၊ အဆိုပါငွေများသည် စာရင်းအတိအကျဖြင့်ရှိကြောင်း၊ ဗဟိုဘဏ်၏ တာဝန်ယူမှုနှင့် အကာအကွယ်ပေးမှုအပြည့်အဝရှိကြောင်း၊ ပြည်သူများစိုးရိမ်မှုဖြင့် မလိုလားအပ်ဘဲ အပ်ငွေများ ထုတ်ယူနေပါက ရွှေဈေး၊ ငွေဈေးမြင့်တက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများဖြစ်ပေါ်လာနိုင်ပြီး၊ အကျိုးဆက်သည် ပြည်သူလူထုပင် ဒုက္ခရောက်မည်ဖြစ်သည့်အတွက် အဖျက်သမားများ၏ အွန်လိုင်းဖြန့်ဝေလှုံ့ဆော်မူများကို ဝိုင်းဝန်းတိုက်ဖျက်သွားရန်လိုအပ်ပြီး၊ မိမိတို့၏စီးပွားရေး၊ လူမှုရေးတည်ငြိမ်ရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်ဟု” သုံးသပ်ပြောကြားထားပါသည်။

သို့ပါ၍ အဖျက်သမားများနှင့် သတင်းမှားများကြောင့် ပြည်သူများ စိုးရိမ်ပူပန်ပြီး ဘဏ်မှ အပ်ငွေများ လိုအပ်သည်ထက် ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း ဗဟိုဘဏ်နှင့် ဘဏ်များမှ တာဝန်ရှိသူများက အခိုင်အမာ ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here