ဘဏ်များတွင် ငွေကြေးအလုံအလောက်ရှိကြောင်း အာမခံသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
351

ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေရေးကြေးရေးအနေနှင့် အလုံအလောက်ရှိကြောင်း အာမခံသည်ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေး ပြောကြားလိုက်သည်။

“ပြည်သူလူထုအနေနဲ့ သိရှိထားဖို့ကတော့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက ငွေရေးကြေးရေးအနေနဲ့ အလုံအလောက်ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ပုဂ္ဂလိက ဘဏ်များတွင် ငွေကြေးလုံလောက်မှုမရှိသလို ပြည်သူများမှ အပ်ငွေများကို အလုံးအရင်းနှင့် ပြန်လည်ထုတ်ယူလျက်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေမှုကို ၎င်းကပြန်လည်ဖြေရှင်းထားခြင်းဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိဘူးလို့ အာမခံပြောကြားနိုင်ပါတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က စက်သုံးဆီပြတ်လပ်မှုရှိနေပြီဆိုသည့် ကောလာဟလတွေ ပြန်နှံ့မှုအပေါ် နစကဘက်မှ တုံ့ပြန်ဖြေရှင်းပြီးနောက် ယခုအခါ ဘဏ်ကိစ္စကို ဦးတည်သည့် နောက်ထပ်ဝါဒဖြန့်မှုတခုဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ကျွန်တော်တို့ စက်သုံးဆီနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ကောလာဟလများ ငြိမ်ကျသွားပြီး ခုနောက်ထပ်ဝါဒဖြန့်မှုတစ်ခုပေါ့”ဟု နစက ပြောခွင့်ရသူက ဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်က ငွေရေးကြေးရေးထုတ်/သွင်းမှုအပေါ် မူတည်ပြီး ဘဏ်များတွင် ငွေသားလက်ကျန်နှင့် ငွေသားထုတ်ပေးနိုင်မှုအတွက် ချိန်ညှိဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here