ပင်လောင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ၅ ဦးနှင့်အတူ ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
224

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့်အတူ ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် နိုဝင်ဘာ ၁၄ ရက် နံနက် ၇ နာရီခွဲအချိန်က ပင်လောင်းမှ တပ်ကုန်းဘက်သို့ မင်းမင်း(ခ)မျိုးကျော်သူဝင်း မောင်းနှင်ပြီး မသီတာလင်းနှင့် နိုင်လင်းတို့ လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာခဲ့ခြင်းဖြစ်သည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲအချိန် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ရှိုင်းမြတ်သူ(ခ)စိုင်းအွမ် နှင့် စိုင်းဝေမိုးအောင်(ခ)စိုင်းလုံ တို့အား AD VAN မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများမှာ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သည်။

ထိုအပြင် နိုဝင်ဘာ (၈)ရက်ကလည်း ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင်ပင် နိုဝင်ဘာ ၉ ရက်ကလည်း အမျိုးသား (၃)ဦးထံမှ ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀) သိန်း ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here