လာအိုတွင်ပြုလုပ်သည့်အမျိုးသမီးများ စည်းလုံးညီညွတ်မှုပွဲ​တော်တွင်မြန်မာဆင်နွဲ

0
258

လာအိုနိုင်ငံ သံတမန်အသိုက်အဝန်းရှိ အမျိုးသမီးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ရရှိစေရန် ရည်ရွယ်လျက် လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လာအို အမျိုးသမီးများအသင်းက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သည့် “Annual Tea Party 2023 for Female Diplomatic Community” ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်တွင် ဗီယင်ကျန်းမြို့ရှိ International Cooperation and Training Centre (ICTC) ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် အဆိုပါအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုဆိုင်ခန်း ဖွင့်လှစ်၍ မြန်မာ့တွင်းထွက်ကျောက်မျက်များဖြင့် စီခြယ်ပြုလုပ်ထားသည့် ကျောက်စီပန်းချီကားများ၊ မြန်မာမှုရွှေချည်ထိုး၊ ငွေချည်ထိုးပန်းချီကားများ၊ လက်ကိုင်အိတ်များ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများနှင့် မြန်မာအစားအသောက်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လာအိုနိုင်ငံ အမျိုးသမီးများအသင်းနှင့် လာအိုနိုင်ငံအခြေစိုက် သံရုံးများက ရိုးရာယဉ်ကျေးမှုဆိုင်ရာ သီဆိုကပြမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နိုင်ငံအလိုက် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ လာအိုနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ ဇနီးဖြစ်သူ Madam Alouny KOMMASITH ဦးဆောင်၍ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမျိုးသမီး အရာထမ်း/အမှုထမ်းများ၊ လာအိုနိုင်ငံအခြေစိုက် သံရုံးများမှ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ အမျိုးသမီး သံတမန်များ၊ သံတမန်များ၏ ဇနီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here