ရှမ်းပြည်ကိုးကန့် ဒီမိုကရတ်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းကြောင်း UEC ကြေညာ

0
287

ရှမ်းပြည်ကိုးကန့်ဒီမိုကရတ်တစ် ပါတီကို နိုဝင်ဘာ (၂၀)ရက်မှ စတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ထုတ်ပြန်ချက်ကြေညာချက်အရ သိရသည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရတ်တစ်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ထားခြင်း ဥပဒေ ပုဒ်မ ၅ (စ)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် ၂၀၂၃ ခုနှစ် မေ (၃၀) ရက်မှ ၂၀၂၃ ခုနှစ် သြဂုတ် (၂၇) ရက်အထိ ရက်ပေါင်း (၉၀) အတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော အင်အားစာရင်း မတင်ပြနိုင်ခြင်းကြောင့် ပါတီအားဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

ယင်းပါတီအနေဖြင့် ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀) ကို ဥပဒေသတ်မှတ်ချက်အတိုင်း စည်းရုံးရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁) ရက်က နောက်ဆုံး အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသော အင်အားစာရင်း မတင်ပြနိုင်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၉)ပါ ပြဌာန်းချက်နှင့် ငြိစွန်းနေသောကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၀) ရက်က ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စီမံခန့်ခွဲရေးကော်မတီ အစည်အဝေးအမှတ်စဉ် (၃၂ / ၂၀၂၃) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း UEC မှ ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရတ်တစ်ပါတီကို မှတ်ပုံတင် အမှတ် (၁၉) ၂၀၂၃ ခုနှစ် မေလ (၃၀) ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၂၄/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၀) ရက်မှ စတင်၍ ဖျက်သိမ်းလိုက်ကြောင်း UEC မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here