တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ (၈၀၀) ကျော် ကယ်ဆယ်ရေးစခန်း ငါးနေရာတွင် ခိုလှုံနေရ

0
210

တောင်ငူမြို့အရှေ့ဘက်ကမ်း လေးမိုင်အထက်ရှိ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ (၈၀၀) ကျော်မှာ တောင်ငူမြို့ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် လက်ရှိအချိန်အထိ ခိုလှုံနေကြရကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ပေါ်ပြူလာနယူးစ်ကို ယနေ့တွင်ပြောသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် တောင်ငူမြို့ မြတ်စောညီနောင်စေတီ၏ နောင်တော်စေတီဝန်း၊ ညီတော်စေတီဝန်း၊ ကုသိနာရုံစေတီဝန်း၊ ရွှေမင်းဝံရိပ်သာနှင့် ငါးထပ်ကြီးဘုရားဝန်းတို့တွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ရှောင်များအနေဖြင့် စားသောက်ရေး၊ အဝတ်အစားမှအစ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသည့် လူနာများ ၊ မသန်စွမ်းသူများ ပါဝင်နေပြီး၊ ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ဆိုသည်။

” အိုးပစ်အိမ်ပစ်လာရတော့ သူတို့မှာဘာမှမပါလာဘူး။ ဒါကြောင့် စားဖို့သောက်ဖို့ကိုတော့ ဒီကအသင်းတွေကဘဲ ကူညီဆောင်ရွက်နေပါတယ်။”ဟု ဆိုသည်။

လက်ရှိတွင် စစ်တောင်မြစ်တစ်ဘက်ကမ်းရှိ ဒေသများတွင် စိုးရိမ်ရသည့်အခြေအနေရှိနေပြီး၊ လတ်တလောတွင်တိုက်ပွဲများ ငြိမ်သက်နေသေးကြောင်း သိရသည်။

၎င်းကပင် ” အဲဘက်မှာတိုက်ပွဲဖြစ်တယ်ဆိုရင် ကျွန်တော်တို့ဒီဘက်ခြမ်းကလည်း စိုးရိမ်ရတဲ့အခြေအနေရှိတာပေါ့”ဟု ရှင်းပြသည်။

စစ်ရှောင်များအတွက် အဓိက ဆောင်ရွက်ပေးနေသော နိုက်တင်ဂေးပရဟိတအဖွဲ့ရှိ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ” နီးစပ်ရာစေတီနဲ့ဘုန်းကြီးကျောင်းတွေမှာနေရာချပေးထားပါတယ်။ သက်ကြီးနာမကျန်းတဲ့သူတွေမသန်စွမ်းအချို့တွေလည်းပါလာတော့ အကုန်ရောထားရတာပေါ့။ လိုအပ်နေတဲ့ အစားအသောက်ဆေးဝါးတွေကိုတော့ ဒေသမှာရှိတဲ့ပရဟိတ အသင်းတွေနဲ့ချိတ်ဆက်ပြီး လှူဒါန်းကူညီမှုတွေလုပ်ပေးနေပါတယ်”ဟု ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် တောင်ငူမြို့အရှေ့ဘက်ကမ်း လေးမိုင်အထက်ရှိ တောတန်းကုန်းရွာ၊ ခြောက်မိုင်၊ စပါလင်ကုန်း၊ ကျောက်ပုထိုးရွာများရှိ ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here