ကစားသမား အချို့ အမှားပြုလုပ်ခဲ့ကြပြီး ကစားပြီးခဲ့သည့်ပွဲများကို ပြန်သုံးသပ်ကာ ပြင်ဆင်သွားမည်ဟု မြန်မာနည်းပြပြော

0
171

မြောက်ကိုရီးယားအသင်းနှင့်ပွဲစဥ်တွင် မြန်မာ ကစားသမား အချို့ အမှားပြုလုပ်ခဲ့ကြပြီး ကစားပြီးခဲ့သည့်ပွဲများကို ပြန်သုံးသပ်ကာ ပြင်ဆင်သွားမည်ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichtenbenir က ပြောသည်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ၊ အုပ်စုပွဲစဥ်အဖြစ် နိုဝင်ဘာ ၂၁ ရက် ညနေက ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယား လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ မြောက်ကိုရီးယားအသင်းက ၆ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

“ခက်ခဲတဲ့ပွဲပါ။ ဂျပန်အသင်းနဲ့ ပွဲကလိုမျိုး ဂိုးကွာခြားက ၅ဂိုး ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ လောက်အထိ အကောင်းဆုံး ကစားနိုင်ပေမယ့် ၃ ဂိုး ပေးလိုက်ရပြီးနောက် ပုံစံကောင်း မရှိတော့ဘူး။ ရလဒ်က ကျေနပ်စရာ မဟုတ်ပေမယ့် ကစားသမားတွေ ကြိုးစားကစားခဲ့ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် မြောက်ကိုရီးယားက ပထမပိုင်းရရှိတဲ့ အခွင့်အရေး ၃ ကြိမ်စလုံး ဂိုးရခဲ့ပါတယ်။ ကျွန်တော့် ကစားသမား အချို့ အမှားလုပ်ခဲ့ကြတယ်။ ကစားပြီးတဲ့ ၂ပွဲကို ပြန်သုံးသပ်ပြီး ပြင်ဆင်သွားပါမယ် ” ဟု မြန်မာအသင်းနည်းပြချုပ် Miachel Feichtenbeiner က ပြောသည်။

အဆိုပါပွဲစဥ်၏ ပွဲချိန် အစောပိုင်းတွင် မြန်မာအသင်းအနေဖြင့် ပုံစံကောင်း ပြသနိုင်ခဲ့သော်လည်း မိနစ် ၃၀ နောက်ပိုင်း ဂိုးများဆက်တိုက်ပေးခံရပြီး မြောက်ကိုရီးယားအသင်းသည် အနိုင်ဂိုးများကို ပထမပိုင်းတွင် ၃ဂိုး၊ ဒုတိယပိုင်းတွင် ၃ဂိုး သွင်းယူခဲ့ကာ မြန်မာအသင်းအတွက် တစ်လုံးတည်း ချေပဂိုးကို လူစားဝင် ကစားသမား တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပွဲချိန် ၇၅ မိနစ်တွင် သွင်းယူနိုင်ခဲ့သည်။

“ကစားဖော်တွေ ပံ့ပိုးပေးမှုကြောင့် ဟက်ထရစ် ရခဲ့တာပါ။ မြန်မာအသင်း ကစားပုံကောင်းပေမယ့် နောက်တန်းနဲ့ ကွင်းလယ်က ချိတ်ဆက်မှုပိုင်း အားနည်းပါတယ်” ဟု မြောက်ကိုရီးယား အသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့ပြီး Man of the Match ဆုရရှိခဲ့သည့် Jong IL – Gwan ကမှတ်ချက်ပြုစကား ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့် ကျရောက်နေပြီး ၂ ပွဲကစားပြီးချိန်တွင် ရမှတ်မရရှိသေးဘဲ လာမည့်မတ်လ ၂၁ ရက်တွင် ဆီးရီးယားအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရဦးမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here