မြန်မာနိုင်ငံမြောက်ပိုင်း၌ မလေးနိုင်ငံသားတစ်ရာကျော်ပိတ်မိနေသေးကာ ကယ်ဆယ်ရေးလုပ်ရန်စီစဉ်နေဟု မလေးအစိုးရပြောကြား

0
225

ကွာလာလမ်ပူ၊နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံမြောက်ပိုင်းရှိလောက်ကိုင်မြို့၌ လက်ရှိဖြစ်ပေါ်နေသော မတည်မငြိမ်မှုအခြေအနေများအတွင်းမလေးရှားနိုင်ငံသား ၁၀၉ ဦးပိတ်မိနေကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ၊လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်နေသူများဖြစ်ကြောင်း လည်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့နိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအပြင် ကူမင်းမြို့ရှိ မလေးရှားကောင်စစ်ဝန်ရုံး၊ရန်ကုန်နှင့်ပေကျင်းမြို့တို့ရှိ မလေးရှားသံရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းသတင်းထုတ်ပြန်ထားသည်။

အဆိုပါဆောင်ရွက်မှုများတွင် မလေးရှားနိုင်ငံသားအားလုံး ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး အတွက် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်းပါရှိသည်။

ထပ်မံ၍ ပြည်ပ၌ငွေလိမ်နေသောအဖွဲ့များ၏ သားကောင်များဖြစ်လာကြသော မလေးရှားနိုင်ငံသားများ၏ပြဿနာကိုဖြေရှင်းရန်ကတိပြုပါကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသားများသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် မြင့်မားသောလစာရမည်ဟု မက်လုံးပေးခေါ်ယူခံမှုများကြောင့် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံရှိ မလေးနိုင်ငံသားများအနေဖြင့် အကူအညီလိုအပ်ပါက ရန်ကုန်မြို့ရှိ မလေးရှားသံရုံးကို ဆက်သွယ်အကြောင်းကြားရန်လည်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Source : The Star


LEAVE A REPLY

Please enter your comment!
Please enter your name here