မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ကျေးရွာတွင် ကိုရင်ကြီးတစ်ပါး ဗုံးစထိမှန်ကာ ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာများရ

0
347

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်အုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျ
မင်္ဂလကျောင်းတိုက်တွင် သီတင်းသုံးသည့် ကိုရင်ကြီးတစ်ပါး ဗုံးစထိမှန်ကာ ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)မှ သိရသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ မိုင်းယု (၁၀၅) မိုင် အုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမင်္ဂလကျောင်းတိုက်အတွင်းသို့ ယနေ့ နိုဝင်ဘာ (၂၂) ရက်၊ နေ့လယ် (၁၁) နာရီကျော်အချိန်က ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ဆွမ်းစားပြန်လာသည့် ကိုရင်ကြီးတစ်ပါးအား ဗုံးစထိများမှန်ခဲ့သည့်အတွက် ပေါင်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းဗုံးကျတယ်လို့ ပြောတယ်။ အဲဒီ ကျောင်းထဲကျတယ်လို့လည်း ပြောကြတာပဲ။ ဘယ်ကဆိုတာ တိတိကျကျတော့ ဘယ်ပြောလို့မရလဲ။ ဒီနေ့က တိုက်ပွဲလည်းမရှိဘူး။ ဘယ်က ပစ်လိုက်တာမှန်းလဲ မသိဘူး။ လက်နက်ကြီးလား ဘာလား မသိဘူး။ ကျတာတော့ ဒရုန်းပဲဖြစ်နိုင်တယ်။ အသံမကြားဘူးဆိုတော့။”ဟု ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဗုံးစထိမှန်မှုကြောင့် ပေါင်နှစ်ဖက်လုံးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ကိုရင်ကြီးအား မူဆယ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကား (၄) စီးနှင့် အဆောက်အဦ အချို့လည်း ပျက်စီးခဲ့ကြောင်း ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here