ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်း

0
762

မြန်မာနိုင်ငံအတွက် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရန် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီ (၃)ခုပါဝင်လာသည်။

အဆိုပါ ကော်မတီ ပြင်ဆင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ နိုဝင်ဘာ (၁၇) ရက်နေ့ထုတ် ပြန်တမ်းစာစောင်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဦးဆောင်ကော်မတီ၌ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်က အတွင်းရေးမှူး၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ထုတ်ကုန်များဈေးကွက်ရှာဖွေရေးနှင့် သုတေသနဌာနမှ ဦးမောင်မောင်ကျော်က တွဲဖက်အတွင်းရေးမှူးအဖြစ် အသီးသီး တာဝန်ယူထားသည်။

အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့ ပါဝင်ကြသည်။

ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ဝင်အဖြစ် Star High Co., Ltd. မှ ဦးထွန်းထွန်း၊ Yetagon Energy Trading Co., Ltd. မှ ဦးမောင်မောင်နိုင်နှင့် SWAN Energy Co., Ltd. မှ ဦးဝင်းကျော်ကျော်အောင်တို့လည်း ပါဝင်လာသည်ကို တွေ့သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ကော်မတီအနေဖြင့် နိုင်ငံတော်၏ မူဝဒါများ၊ စီးပွားရေးလုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက်အပေါ် မူတည်၍ စက်သုံးဆီများ မှာယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

အရည်အသွေးပြည့်မီမှန်ကန်ပြီး ဈေးနှုန်းသက်သာသည့် စက်သုံးဆီများ ဝယ်ယူတင်သွင်း၍ ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်နှင့် စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လစဉ်လိုအပ်သည့် နိုင်ငံခြားငွေကြေးပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများအချိန်မီ ရောက်ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်၊ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများရောက်ရှိလာချိန်တွင် အချိန်မီအရည်အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှုရှိမရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်ဆေးရမည်ဖြစ်သည်။

သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန်၊ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ရန်နှင့် ရုရှားနိုင်ငံမှထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက်ဓာတုဗေဒပစ္စည်းများ အပြင် အခြားလိုအပ်ချက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here