သဘာဝဘေး ကူညီကယ်ဆယ်ရေးအပါအဝင် လူသားချင်းစာနာမှု အကူညီပေးရေးကိစ္စများနှင့်ပတ်သက်၍ ထိုင်း – မြန်မာ လေတပ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး

0
136

နှစ်နိုင်ငံ လေတပ်များအကြား ဆက်ဆံရေးကောင်းမွန်စေရေးအပါအဝင် သဘာဝဘေး ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူညီပေးရေးကိစ္စများနှင့်ပတ်သက်၍ ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpa kdee Pattanakul နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ ဆွေးနွေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpa kdee Pattanakul နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အနေဖြင့် နိုဝင်ဘာ (၂၂) ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Pun pakdee Pattanakul ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာ အချက်အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief -HADR) ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ညနေပိုင်းတွင်ကာကွယ်ရေးဦးစီးချုပ်(လေ) က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို Jasmine ဟိုတယ်ရှိ ပုဂံဆောင်၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုပြင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခြင်းနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇိယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခြင်း၊ ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here