တရုတ် – မြန်မာနယ်စပ် ကျင်ဆန်းကျော့ နယ်စပ်ဂိတ်ရှိ ကုန်ကားများ မီးလောင်မှုဖြစ်ပွား

0
415

တရုတ် – မြန်မာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကျင်ဆန်းကျော့ (၇)ဟွာ့ကျင်း import ကုန်ချိန်းကွင်းတွင် ယနေ့ နိုဝင်ဘာ (၂၃) ရက် နံနက်ပိုင်း၌ ကုန်ကားများ မီးလောင်မှုဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက် (၉) နာရီဝန်းကျင် အချိန်ခန့်က စတင်လောင်ကျွမ်းနေခြင်းဖြစ်ပြီး နံနက် (၁၁)နာရီကျော်အထိ ဆက်လက်လောင်ကျွမ်းနေကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

” ဘာကြောင့်လောင်တယ်တော့ အတိအကျမသိရဘူး။ ကားအစီးရေ ရာနဲ့ချီရှိတာပေါ့။ တချို့က ကုန်တွေပါတယ်။ တချို့ကလည်း အလွတ်တွေပေါ့ ။ တချို့က တရုတ်က ကုန်တွေကိုစောင့်နေကြတာ။ တချို့ကျတော့လည်း ကုန်တင်ပြီး ဗမာပြည်ထဲဆင်းဖို့ စောင့်နေကြတာ။ အကြောင်းအရင်းကတော့ ဘယ်သူမှ တိတိပပတော့ မသိသေးဘူး” ဟု မြေပြင်သတင်း ရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ စတင်သည်ဟု သတင်းထွက်နေသော်လည်း မြေပြင်သတင်း ရင်းမြစ်များပင် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ မီးမှာ လက်ရှိအချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရသည်။

” လက်နက်ကြီး ကျလို့လား၊ ဘယ်သူက ရှို့တာလဲ ဘာလား ၊ ဘယ်သူမှ တိတိပပမသိဘူး” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ မီးလောက်ကျွမ်းမှုဖြစ်ပွားနေသည့် ကားကွင်းအတွင်း၌ ကုန်ကားအစီးရေ ရာနှင့်ချီ ရှိနေပြီး ယခုဖြစ်စဉ်ကြောင့် ဆုံးရှုံးမှုများပြားနိုင်ကြောင်းလည်း ‌ဒေသခံသတင်းရင်းမြစ်များက သုံးသပ်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here