ကျင်စန်းကျော့ရှိ (၇)ဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်း မီးလောင်ကျွမ်းမှုမှာ မြောက်ပိုင်းအဖွဲ့များ၏ လက်ချက်ဖြစ်ပြီး ကျပ်သိန်းပေါင်း သောင်းချီဆုံးရှုံး

0
436

ယနေ့ နိုဝင်ဘာ (၂၃) ရက် နံနက်ပိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ်၊ ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်းအတွင်းရှိကုန်ကားများ မီးလောင်ကျွမ်းမှုမှာ မြောက်ပိုင်းအဖွဲ့များ၏ လက်ချက်ဖြစ်ပြီးကျပ် သိန်းပေါင်း သောင်းချီဆုံးရှုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ယနေ့ နံနက် (၉) နာရီဝန်းကျင်မှ စတင်ကာ ဆဲဗင်းဟွာကျင့်ကုမ္ပဏီပိုင် ကားကွင်းအတွင်း ရပ်ထားသည့် ကားအစီးရေ (၁၀၀) ကျော် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမီးလောင်မှုမှာ ကားဝန်းအတွင်း တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မြောက်ပိုင်းအဖွဲ့များက Drop Bomb ဖြင့်တိုက်ခိုက်မှုကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကားဝန်းအတွင်းရှိ ကား အစီးရေ (၂၅၈) စီးအနက် (၁၂၀) ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း
နစက ဖက်မှလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကားဝန်းအတွင်းရှိ ကားများမှာ တရုတ်နိုင်ငံမှ ပြည်တွင်းသို့ တင်သွင်းထားသည့် ကုန်ပစ္စည်းများအား ပြည်မသို့ သယ်ဆောင်ရန် တင်ဆောင်ထားသည့် ယာဉ်များ ဖြစ်ပြီး အောက်တိုဘာ (၂၇) ရက် ရှမ်းမြောက် တိုက်ပွဲများကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ ပိတ်မိနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ယနေ့ နံနက်ပိုင်း မီးလောင်ကျွမ်းခဲ့သည့် ယာဉ်အစီးရေ (၁၂၀) တွင် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် အိမ်ဆောက်ပစ္စည်းများပါ မီးလောင်ဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသောင်းနှင့်ချီရှိကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ စုံစမ်း သိရသည်။

မီးလောင်ကျွမ်းမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့‌ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here