အင်ဒိုနီးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဥက္ကဋ္ဌ လာဘ်စားမှုဖြင့် စွပ်စွဲခံရ

0
246

နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဖာလီ ဘာဟူရီကို ခြစားမှုတစ်ခုအတွက် သံသယရှိသူအဖြစ် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထုတ်ဖော်ကြေညာလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့လက ဖမ်းဆီးခံလိုက်ရတဲ့ စိုက်ပျိုးရေးဝန်ကြီးဟောင်း ဆိုင်ယာနူလ် ယာဆင်လင်ပို ထံကနေ မသမာသောနည်းလမ်းဖြင့် ငွေကြေးရယူခဲ့မှုမှာ ဖာလီဟာ သံသယရှိသူဖြစ်တယ်လို့ဆိုပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဟောင်းဟာ ပြည်သူ့ရန်ပုံငွေ ကန်ဒေါ်လာ ၈ သိန်းကျော် မတရား ရယူခဲ့မှုနဲ့စွပ်စွဲခံထားရသူဖြစ်ပါတယ်။

” မသမာသော နည်းလမ်းဖြင့် အကျင့်ပျက်ခြစားမှုဖြစ်စဉ်တစ်ခုမှာ KPK ဥက္ကဋ္ဌ ကို သံသယရှိသူအဖြစ် အမည်ထုတ်ကြေညာဖို့ရာ အထောက်အထား လုံလုံလောက်လောက် ရှိထားပါတယ်’ လို့ ဂျကာတာ ရဲအရာရှိတစ်ဦးဖြစ်သူ အဒီဆာဖာရီ စီမန်ဂျန်တက်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော် အရာရှိတစ်ဦးဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ငွေတွေကို မသမာသောနည်းဖြင့်ရယူခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

နေရာနှစ်ခုမှာ စီးနင်းရှာဖွေခဲ့မှုအတွင်း ရူပီး ၇ ဒဿမ ၄ ဘီလီယံ(ကန်ဒေါ်လာ ၄၇၇,၇၃၀) တန်ဖိုးရှိ စင်ကာပူနဲ့အမေရိကန်ဒေါ်လာတွေကနေ ငွေလဲလှယ်လွှဲပြောင်းမှု စာရွက်စာတမ်းတွေကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဒီက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ KPK လို့သိကြတဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် ခေါင်းဆောင်တစ်ဦးအပေါ် ရာဇဝတ်ပြစ်မှုနဲ့စွပ်စွဲခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေး အရာရှိဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဖာလီကို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ တုန့်ပြန်ဖြေကြားခြင်းမရှိသေးဘူးလို့သိရပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here