ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆွေးနွေး

0
196

ယမန်နေ့ နိုဝင်ဘာလ (၂၃) ရက်တွင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် အခြားသောကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ်ဖြစ်သူ Mr. KAZADAEV Vladimir ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ် အဖွဲ့ဝင်(၈)ဦးတို့သည် အသင်းချုပ်တာဝန်ရှိပုဂ္ဂိုလ်များနှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် အသင်းချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ရုရှားနိုင်ငံသည် နိုင်ငံပေါင်း (၆၀)တွင် ကုန်သွယ်မှုကိုယ်စားလှယ်များ ခန့်အပ်ထားပြီး မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုကိုယ်စားလှယ်နှင့်အတူ စီးပွားရေး လုပ်ကိုင်ရာ အဆင်ပြေသော ရုရှားနိုင်ငံ၏ Buryatia ပြည်နယ်မှ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်၍ နာမည်ရ ရုရှားစီးပွားရေးကုမ္ပဏီများနှင့် မြန်မာလုပ်ငန်းရှင်များ ချိတ်ဆက်နိုင်ရန် လာရောက်ခြင်းဖြစ်သည်။

ဆွေးနွေးရာတွင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ အထူးသဖြင့် ရောဂါဗေဒဆိုင်ရာလုပ်ငန်းများ၊ ခွဲစိတ်ကုသမှုအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများနှင့် အခြားလုပ်ငန်းနယ်ပယ် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ကုန်စည်ပြပွဲများမှတဆင့် ဈေးကွက်ရှာ ဖွေရေးတို့အတွက် နှစ်ဖက်လုပ်ငန်းရှင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးကျော်ဒေဝ၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့် နှင့် အမှုဆောင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here