လေးရက်ကြာအပစ်အခတ်ရပ်စဲရေးစတင်၊ဓ-ါးစာခံများကို ပထမတစ်သုတ်လွှတ်ပေးမည်

0
151

အစ္စရေးနှင့်ဟားမတ်စ်အကြား သဘောတူထားသည့်အတိုင်း လေးရက်တာအပစ်အခတ်ရပ်စဲရေးကို ယနေ့စတင်ခဲ့ပြီး ဂါဇာအတွက်မရှိမဖြစ်လိုအပ်သော အထောက်အကူပစ္စည်းများကို စတင်ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်သည်။ နှစ်ဖက်လုံးရှိထိန်းသိမ်းခံထားရသူများနှင့် ဓ-ါးစာခံများလဲလှယ်ရေးကိုပါ လုပ်ဆောင်တော့မည်ဖြစ်ကြောင်းသိရသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ နှစ်ဖက်စလုံး မည်သည့်ဘက်ကမှ စတင်ပစ်ခတ်ခြင်းမရှိသဖြင့် တိုက်ပွဲဖြစ်သံမကြားရကြောင်းလည်းဒေသခံများကဆိုသည်။ယခုအပစ်အခတ်ရပ်စဲရေးမှသည် စစ်ပွဲလုံးဝရပ်နိုင်သွားမည့်အခြေအနေအထိရောက်ရန်လည်းမျှော်လင့်‌နေကြသည်။

သို့သော်အစ္စရေးကမူ အပစ်အခတ်ရပ်စဲရေးကာလပြီးသည်နှင့် တိုက်ပွဲကိုဆက်လက်ဖော်ဆောင်သွားမည်ဟုပြောကြားခဲ့သည်။အပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးသည် တစ်နေ့လျှင် လောင်စာဆီ ၁၃၀,၀၀၀ လီတာ (၃၄,၃၄၀ ဂါလံ) အထိပေးပို့ခွင့်ပြုရန်သဘောတူထားသည်။သို့သော်အဆိုပါပမာဏသည်ဂါဇာကမ်းမြောင်ဒေသ၏ ခန့်မှန်းခြေနေ့စဉ်လိုအပ်ချက် လီတာ ၁ သန်းကျော်နှင့်ယှဉ်ပါက အနည်းငယ်မျှသာရှိသေးသည်။

နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်အဖွဲ့က ဖမ်းထားသည့် ဓ-ားစာခံ ၂၄၀ ခန့်မှ ၅၀ ဦးကို လွှတ်ပေးမည်ဖြစ်ကာ အစ္စရေး က ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ကိုလည်း အစ္စရေးက လွှတ်ပေးမည်ဟု ဟားမတ်စ်ကပြောကြားခဲ့သည်။

သောကြာနေ့မွန်းလွဲပိုင်းမှစတင်၍ အမျိုးသမီးများနှင့် ကလေးများကို ပထမဆုံးလွှတ်ပေးရန် နှစ်ဖက်သဘောတူခဲ့ကြသည်ဟုလည်းသိရသည်။

အများစုက ယခုအပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် စစ်ပွဲပြီးဆုံးသည်အထိရောက်ရှိရန်မျှော်လင့်ထားသော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ဟားမတ်စ်၏ စစ်ရေးစွမ်းရည်များကို လုံးဝဖျက်ဆီးပစ်ရန်နှင့် ဂါဇာရှိ ဟားမတ်စ်တို့၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကိုအဆုံးသတ်ကာ ဓ-ားစာခံများအားလုံးပြန်လွတ်ရမည်ဟု ကတိပြုပြောကြားခဲ့သည်။

Source : အေဘီစီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here