ကိုရီးယားလေယာဉ်တစ်စင်းပေါ်မှာ ဆေးကြောင်နေတဲ့ အမျိုးသမီးက အရေးပေါ် တံခါးကို ဖွင့်ဖို့လုပ်လို့ ဝိုင်းဖမ်းခဲ့ရ

0
283

ပျံသန်းနေတဲ့ ကိုရီးယားလေကြောင်းလိုင်း လေယာဉ်တစ်စင်းပေါ်မှာ ဆေးကြောင်နေတဲ့ ခရီးသည် အမျိုးသမီးတစ်ဦးက လေယာဉ်ရဲ့အရေးပေါ် ထွက်ပေါက်တံခါးကို ဖွင့်ဖို့ကြိုးစားခဲ့တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းလိုက်ရကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်က နယူးယောက်ကနေ အင်ချွန်းကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးက လေယာဉ်အရေးပေါ်တံခါးကို ဖွင့်ဖို့လုပ်ခဲ့တာဖြစ်ကြောင်း လေဆိပ်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

သူမကို လေယာဉ်ဝန်ထမ်းတွေက ချက်ချင်း တားဆီးထိန်းချုပ်ကာ အင်ချွန်းနိုင်ငံတကာလေဆိပ်အရောက်မှာ ရဲတပ်ဖွဲ့ထံ လွှဲပေးခဲ့တယ်လို့ Korea JoongAng Daily သတင်းစာက ဖော်ပြပါတယ်။ နောက်ပိုင်း သူမကို ဆေးစစ်ခဲ့ရာမှာ မက်သာဖီတာမင်း စိတ်ကြွဆေးသုံးစွဲထားတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားလေကြောင်းလိုင်း လေယာဉ်ပေါ်မှာ တတိယအကြိမ်မြောက်ဖြစ်ပွားတဲ့ ဖြစ်စဉ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းက ဂျေဂျူးကနေ ဒေဂူးမြို့ကို ပျံသန်းလာတဲ့ Asisna လေကြောင်းလိုင်း လေယာဉ်တစ်စင်း ပြေးလမ်းဆင်းသက်ချိန် မြေပြင်ကနေ မီတာ ၂၀၀ အမြင့်လောက်မှာ ခရီးသည်အမျိုးသားတစ်ဦးက အရေးပေါ်ထွက်ပေါက်တံခါးကို ဆွဲဖွင့်သွားနိုင်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အဆိုပါ အမျိုးသားဟာ စိတ်ကျန်းမာရေး ကုသဖို့လိုအပ်တာကြောင့် ဒေဂူးခရိုင်တရားရုံးက နိုဝင်ဘာ ၂၁ မှာ သူ့ရဲ့ထောင်ဒဏ်ကို ဆိုင်းငံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လအတွင်းကလည်း စီဘူးကနေ အင်ချွန်းကို ပျံသန်းလာတဲ့ လေယာဉ်တစ်စင်းပေါ်မှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက အရေးပေါ် ထွက်ပေါက်ကို ဖွင့်ဖို့လုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ယင်းလူငယ်ကတော့ ထောင်ဒဏ် ၃ နှစ် ချခံလိုက်ရကြောင်း သိရပါတယ်။

Ref:The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here