ပို့ကုန်ကျသော်လည်း ဆန်ဈေးကောင်းသဖြင့် ဝင်ငွေရရှိမှု ကွာဟချက်ကြီးမားခြင်းမရှိဟု MRF ဥက္ကဋ္ဌ ပြော

0
533

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ (၇) လအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ဆန်၊ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက (၅၀) ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

တန်ချိန်အားဖြင့် ထက်ဝက်နီးပါး လျော့နည်းသွားခဲ့သော်လည်း ဝင်ငွေအားဖြင့် ကြည့်ပါက ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းသာ လျော့နည်းသွားသည်ဟု ၎င်းက ဆိုသည်။

“ဒီနှစ်ရောင်းတဲ့ ဆန်ဈေးတွေက မြင့်တယ်။ ဒါကြောင့်မို့ တစ်ဖက်က တန်ချိန်အားဖြင့် လျော့နည်းမှုရှိသော်လည်းပဲ ဝင်ငွေအားဖြင့် သိပ်ပြီးတော့ မလျော့ဘူး ဆိုတာကိုတော့ ပြောချင်ပါတယ်”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဆန်ဈေးကွက်၌ မြန်မာ့ဆန်များသည် အမျိုးအစားပေါ် မူတည်ကာ တစ်တန်လျင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၅၀ ၊ ၄၀၀ ဝန်းကျင်သာ ဈေးရရှိခဲ့သော်လည်း ယခုနှစ်အတွင်း တစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်အထိ ဈေးရရှိနေကြောင်း သိရသည်။

MRF ၏ ခန့်မှန်းချက်အတွင်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ စသဖြင့် ပို့ကုန်ကာလ (၆) လအတွင်း တစ်လကို တန်ချိန် (၂) သိန်းလောက် ရောင်းချနိုင်မည်ဟု ဆိုထားသော်လည်း အောက်တိုဘာလအတွင်း တင်ပို့နိုင်စွမ်း လျော့နည်းရောင်းချသည့် အနေအထားရှိခဲ့ကြောင်း သိရသည်။

“နိုဝင်ဘာလမှာတော့ ကျွန်တော်ထင်တယ်။ တစ်သိန်းခွဲနီးနီးလောက် သွားလိမ့်မယ့် အနေအထားရှိပါတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ရေး ရည်မှန်းထားရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here