လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကိုစွန့်ခွာပြီး နေရပ်ပြန်ရန် ကြိုးစားနေ

0
275

ရှမ်းမြောက် တိုက်ပွဲများကြာင့် လောက်ကိုင်မြို့တွင် ပိတ်မိနေသူများ ယနေ့ နံနက်အစောပိုင်းက စတင်ပြီး နေရပ်ပြန်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် ရှမ်းမြောက်အခြေစိုက် သတင်းဌာန အချို့၏ သတင်းဖော်ပြချက်များမှတဆင့် သိရသည်။

တိုက်ပွဲများ စတင်ဖြစ်ပွားချိန်ကစ၍ ကာလရှည်ပိတ်မိနေသည့် ရွှေပြောင်းလုပ်သားများ နေရပ်ပြန်ရန် လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေခြင်းဖြစ်ပြီး အခြေအနေတည်ငြိမ်နေသည့်အတွက် ယနေ့နံနက်အစောပိုင်းက စတင်ကာ မြို့ကိုစွန့်ခွာပြီး နေရပ်ပြန်ရန်ကြိုးစားနေကြခြင်းဖြစ်ကြောင်း ပိတ်မိနေသူထဲမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ နံနက် (၁၀) နာရီခွဲဝန်းကျင်က လူမှုကွန်ရက်မှတဆင့် ပေါ်ပြူလာနယူးစ်နှင့် အဆက်အသွယ်ရခဲ့သည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောပြချက်အရ နေရပ်ပြန်မည့်လူအရေအတွက် ထောင်နှင့်ချီရှိနိုင်ပြီး လောက်ကိုင်မြို့အထွက် ဆယ်တန်ဂိတ်မှ မြို့တွင်းအထိ ကားများနှင့် မော်တော်ဆိုင်ကယ်များ ပိတ်ဆို့နေကြောင်းလည်း သိရသည်။

” ဒီတစ်ခေါက်တော့ အကုန်လုံး ဖြစ်မယ်ထင်တယ်။ နည်းနည်းနောနောမဟုတ်ဘူး။ ကားတွေရော ဆိုင်ကယ်တွေလည်းပါတယ်။ အခုတော့ ပိတ်မိနေတုန်းပဲ။ မနက်အစောကြီးထဲက ပြန်ဖို့တန်းစီနေကြတာ” ဟု ပေါ်ပြူလာနယူးစ်နှင့် ဆက်သွယ်မိသည့် သတင်းရင်းမြစ်အမျိုးသမီးက ပြောသည်။

ယခုလို နေရပ်ပြန်ရန် ကြိုးစားကြသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ လက်ရှိတွင် လောက်ကိုင်မြို့အတွင်း ပိတ်မိနေသူများအနေဖြင့် စားနပ်ရိက္ခာပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းကြီးမားခြင်းတို့ကြောင့် ဒုက္ခ‌ရောက်‌နေကြရပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

” အခုက စားစရာတောင်မရှိလို့ ဟိုလိုက်တောင်း ဒီလိုက်တောင်း လုပ်နေကြရတဲ့သူတွေ အများကြီးပဲနော်။ ပြီးတော့ ဈေးတွေကလည်း အဆမတန်တွေ တက်ကုန်တာလေ။ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ နောက်ပြီးတော့ သူတို့က ဘယ်အချိန် မြို့ထဲဝင်လာမလဲလည်း မသိနိုင်ဘူးလေ။ မြို့ကိုသိမ်းမယ်၊ မနက်ဖြန် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ပြောနေကြတာဆိုတော့ မလုံခြုံဘူးလေ။ ဒါကြောင့်ပြန်ကြဖို့ပါ” ဟု ၎င်းကဆိုသည်။

ရှမ်းမြောက်တိုက်ပွဲများကို ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များက နိုဝင်ဘာ (၂၇) ရက်တွင် နိုင်ငံတစ်ဝန်း စစ်ပွဲများအရှိန်မြှင့်ဖော်ဆောင်ရန် အသင့်အနေအထားရှိနေပြီဟု ထုတ်ပြန်ခဲ့မှုနှင့် မကြာမီ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဟု ပြောကြားထားအပေါ် ၎င်းက ရည်ညွှန်းပြောဆိုဟန်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းကလည်း လောက်ကိုင်မြို့အတွင်းမှ ပြည်သူအချို့ နေရပ်ပြန်ခြင်းများ ရှိခဲ့ပြီး ယခုပိတ်မိနေသည့် ဆယ်တန်ဂိတ်အနီးတွင် လူအုပ်အတွင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ ‌ေ-သဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြို့အားစွန့်ခွာကာ နေရပ်ပြန်ရန် တန်းစီစောင့်ဆိုင်းနေသည့် ပြည်သူများမှာ မြို့အတွင်းသို့ ထိတ်လန့်တကြား ပြန်လည်ပြေးလွှားခဲ့ရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အစုလိုက်ပြန်လည်ထွက်ခွာနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လောက်ကိုင်မြို့မှ စစ်ဘေးရှောင်အချို့ “ဝ” ပြည်နယ်သို့ ဖြတ်ကာ နေရပ်ပြန်ခဲ့ကြသည့်အတွက် “ဝ” တပ်ဖွဲ့တာဝန်ရှိသူများက လိုအပ်သည့် ကူညီမှုများ ဆောင်ရွက် ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
ပုံစာ – “ဝ” ပြည်နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသည့် လောက်ကိုင်မြို့မှ စစ်ဘေးရှောင်များအား “ဝ” တပ်ဖွဲ့ တာဝန်ရှိသူများက လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ဆောင်ရွက်ပေးနေစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here