ပြည်တွင်း ဆေးဝါးလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ထုတ်လုပ်နိုင်ပြီး ကျန်ပမာဏကို ပြည်ပမှ တင်သွင်းနေရ

0
239

ပြည်တွင်းဆေးဝါး ထုတ်လုပ်မှု အနေဖြင့် နိုင်ငံ၏ ဆေးဝါးလိုအပ်ချက်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်ပမာဏကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရ‌ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပမှတင်သွင်းရသည့် ပမာဏများနေသည့် အတွက် ပြည်တွင်းလိုအပ်ချက် ပြည့်မီရေးအတွက် ဆေးဝါးထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအတွက်လည်း ဆောင်ရွက်ရန် လိုအပ်နေသည်ကို တွေ့ရှိရ၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း၎င်းက ဆက် လက်ပြောကြားခဲ့သည်။

လက်ရှိတွင် အမှတ် (၁) ၊အမှတ် (၂) ၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းများ၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဆေးဝါးအမျိုးမျိုးတို့ကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများသည် သာမန်စက်မှုလုပ်ငန်းမဟုတ်ဘဲ စံချိန်စံညွှန်းထိန်းသိမ်းရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် သတ်မှတ် စံချိန်စံနှုန်းများအတိုင်း ထုတ်လုပ်ရမည့် စက်မှုလုပ်ငန်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းများအနေဖြင့် ဆေးဝါးနှင့်သက် ဆိုင်သည့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်နေရမည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ထို့အပြင် ဆေးဝါးစက်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် စက်မှု၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် စက်ကိရိယာအင်ဂျင်နီယာများ၊ ဆေးဝါးကျွမ်းကျင်များ၊ အဏုဇီဝပညာရှင်များ၊ အခြားဘွဲ့ရများ၊ အရည်အသွေး စစ်ဆေးရေးနှင့် အရည်အသွေး အာမခံဆောင်ရွက်နေသည့် သိပ္ပံပညာရှင်များ အစရှိသည့် ပညာရပ်မျိုးစုံရှိနေပြီး အဆိုပါဝန်ထမ်းများသည် ဆေးဝါးထုတ်လုပ်မှုဆိုင်ရာနည်းစဉ်အားလုံးနှင့် သက်ဆိုင်နေကြသူများဖြစ်သည့်အတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်ပိုင်းဆိုင်ရာ ဘာသာရပ်ကို ထပ်မံ၍ ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့် သင်တန်းကို နိုဝင်ဘာ (၁၆) ရက်မှ (၂၄) ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်း၌ ဆေးဝါးအင်ဂျင်နီယာပညာရပ်များကို လက်တွေ့နယ် ပယ်တွင် လုပ်ငန်းတာဝန်များဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိ ဆရာကြီး ဆရာမကြီးများက သင်ကြားပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ (၃၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here