ပြည်ပ (၉၃) နိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သား(၁၆)သိန်းကျော်ကို OWIC ကတ် ပြုလုပ်ပေးပြီးဖြစ်

0
233

ပြည်ပ (၉၃) နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်လုပ်သား ဦးရေ စုစုပေါင်း (၁,၆၈၄,၉၃၄)သိန်းကို ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ထံမှ သိရသည်။

အဆိုပါ အရေအတွက်သည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ (၃၃)နှစ်တာ ကာလအတွင်း ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

OWIC ကတ် ထုတ်ပေးရာတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ဖြင့်ပြန်လာသူများကိုလည်းကောင်း OWIC ပြုလုပ်ပေးလျက်ရှိခြင်းဖြစ်သည်။

ထို့အထဲတွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်ကိုင်လျက်ရှိသော လုပ်သား(၁,၁၁၀,၅၉၅) ဦး၊ စင်ကာပူနိုင်ငံသို့ (၅၂,၀၃၅ )ဦး၊ ကိုရီးယားနိုင်ငံသို့ (၆၄,၃၆၄) ဦး၊ ဂျပန်နိုင်ငံသို့ (၆၀,၀၁၃) ဦး၊ မလေးရှားနိုင်ငံသို့ (၃၈၅,၅၆၆) ဦးတို့ ရှိပြီဖြစ်ကြောင်း သိရသည်။

OWIC ကတ်များအား ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ဌာနစုတွင် လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) တွင်လည်းကောင်း စိစစ် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ ယမန်နေ့ နိုဝင်ဘာ (၂၅)ရက်နေ့က အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးခန်းမ၌ ဦးစီးဌာနအဖွဲ့ရုံးများရှိ ရုံးခွဲတာဝန်ခံများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာတွင် စိတ်ရှည်သည်းခံပြီး ယဉ်ကျေးစွာဆက်ဆံရန်၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းများ၊ အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here