မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ကားကွင်းအတွင်း ယနေ့ ညပိုင်း လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲ

0
340

တရုတ် – မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းအတွင်းရှိ ကားဝင်းအတွင်းသို့ ယနေ့ ညပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာ (၂၆) ရက် ည (၉) နာရီဝန်းကျင်က ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းရှိ ကားဝန်းအတွင်းသို့ လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” (၉) နာရီလောက်က ဖြစ်တာပေါ့။ ဘယ်ကပစ်တာလဲဆိုတာတော့ မပြောနိုင်သေးဘူး။ (၃) လုံးပေါ့နော်။ ကားကွင်းထဲကို ကျပြီး ပေါက်ကွဲတာပေါ့” ဟု ‌၎င်းကပြောသည်။

၁၀၅ မိုင် ကားကွင်းအတွင်းရှိ ဒေသအခေါ် အလယ်ရုံးကြီးအနီးသို့ လက်နက်ကြီးကျည် (၁) လုံးကျခဲ့ပြီး ဘောင်ချာစင်အနီးသို့ (၁)လုံးနှင့် ကားကွင်းအတွင်းရှိ အိမ်သာအနီးသို့ (၁) လုံး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုကလည်း မျှဝေထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက် နံနက်ပိုင်းကလည်း မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ကျင်စန်းကျော့ ဂိတ်အနီးရှိ (၇)ဟွာ့ကျင့် ကုမ္ပဏီပိုင် ကားကွင်းအတွင်းသို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲကာ ကုန်တင်ယာဉ်အစီးရေ (၁၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် တရုတ်မှ သွင်းကုန်များ တင်ဆောင်ထားသည့် ကုန်တင်ယာဉ် (၁၂၀) စီး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူသုံးကုန် ၊ အိမ်သုံးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ သိန်းပေါင်းသောင်းနှင့်ချီကာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယနေ့ညပိုင်း ဖြစ်ပွားခဲ့သည့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ်သတင်းအချက်အလက်များ ရရှိနိုင်ရန် မြေပြင်သတင်းရင်းမြစ်များထံ ဆက်သွယ်စုံစမ်းနေပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဖော်ပြပေးသွားပါမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here