၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနှင့် မူဆယ်မြို့အနီးတဝိုက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများလုပ်ဆောင်နေ

0
271

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ အနီးတဝိုက်နှင့် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းအနီးတွင် မြောက်ပိုင်းအဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများဆောင်ရွက်နေပြီး တိုက်ပွဲဖြစ်ပွား‌နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာ (၂၆) ရက် ည(၉) နာရီ ဝန်းကျင်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး မူဆယ်မြို့ အနီးပတ်ဝန်းကျင်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအတွင်းသို့ ဒရော့ဗုံး (၄) လုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

” မူဆယ် မောင်းတံဂိတ်နားမှာ တစ်လုံးကျတယ်။ (၉) နာရီလောက်က ၁၀၅ မိုင် ကားကွင်းထဲလည်း ကျတယ်ကြားတယ်။ အခုချိန်ထိဒရုန်းတွေ ပျံနေတုန်းပဲ” ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ည (၁၀) နာရီအချိန်တွင် ပြောကြားသည်။

ယခုတိုက်ခိုက်မှုသည် မည်သည့်နေရာကို ပစ်မှတ်ထား တိုက်ခိုက်သည်ကို မသိရှိရသော်လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး လက်နက်ကြီး ၊ လက်နက်ငယ်အသံများလည်း ကြားနေရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ သတင်းရင်းမြစ်နှင့် ဖုန်းဖြင့် စကားပြောဆိုနေသည့်အချိန်တွင်ပင် ကောင်းကင်၌ ဒရုန်းပျံနေသည့် အသံကို ကြားရပြီး အခြေအနေပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ရကြောင်းလည်း ဆိုသည်။

” ကြားရတယ်မလား ။ လုံးဝကို အသံမရပ်ဘူး” ဟု ၎င်းက ပြောသည်။

MNDAA ၊ AA နှင့် TNLA တို့ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးနှင့် စစ်ရေး အချက်အခြာကျသည့် မြို့များကို ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ ၃၁ ရက်ရှိလာပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here